လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၄)ရပ်ကွက်၌ လိုအပ်လျက်ရှိသည့် လူနာတင်ယာဉ် ဝယ်ယူရန်အတွက် မတည်အလှူငွေသိန်း(၃၀)လာရောက် လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အမှတ်(၁၄) ရပ်ကွက် ပြည်သူများအတွက် လိုအပ်လျက်ရှိသော လူနာတင်ယာဉ် ဝယ်ယူရန်အတွက် မတည် အလှူငွေ သိန်း(၃၀)ကို ယမန်နေ့ ညနေပိုင်းက သမြားနီဆေးတိုက် ဦးသံနိုင် မိသားစုမှ လာရောက် လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၄)ရပ်ကွက်ရှိ သမြားနီ ဆေးတိုက် ဦးသံနိုင် မိသားစုမှ  မိမိတို့ရပ်ကွက်အတွက် လိုအပ်လျက်ရှိသော လူနာတင်ယာဉ် ဝယ်ယူရန် အတွက် မတည်အလှူငွေ ကျပ်သိန်း(၃၀)ကို လာရောက်လှူဒါန်းခဲ့ပြီး အမှတ်(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး မှလက်ခံရယူခဲ့ကာ  အုပ်ချုပ်ရေးမှူးမှတဆင့် ကိုဗစ်−၁၉ရောဂါ  ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း များတွင် ကူညီဆောင်ရွက်လျက်ရှိသော ကရုဏာလူမှုပရဟိတအသင်းသို့ ပြန်လည် ပေးအပ် လှူဒါန်း ခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် အခြေခံလူတန်းစာများ အများဆုံးနေထိုင်သည့် အားလျော်စွာ အမှတ်(၁၄)ရပ်ကွက်သည် ကိုဗစ်−၁၉ရောဂါ Positive လူနာများတွေ့သည့် ရပ်ကွက်တစ်ခု ဖြစ်သောကြောင့် ဌာနဆိုင်ရာများ ၊ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ  ၊လူမှုပရဟိတအဖွဲ့များ ပြည်သူများပူးပေါင်း၍ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အမှတ်(၁၄)ရပ်ကွက်အတွက် လိုအပ်လျက်ရှိသော လူနာတင်ယာဉ် ဝယ်ယူရန် မတည်ငွေလာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)