လားရှိုး ဇူလိုင် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာ သွန်းနေမှုများကြောင့် တောင်ကျရေများစီးဆင်းကာ လားရှိုး-မန္တလေး ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် လမ်းရေကျော်မှုများဖြစ်ပွား၍ မကြာခဏလမ်းပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း သိရသည်။
“အခုတလော လားရှိုးအနီးတစ်ဝိုက်မှာ မိုးကကောင်းတော့ တောင်ကျရေတွေစီးပြီး လမ်းပေါ်ရေကျော်မှု တွေဖြစ်နေတယ်။ လမ်းပေါ်ရေကျော်နေတော့ ကားတွေဖြတ်မရဘူး။ ရေကျချိန်ကို စောင့်နေရတယ်။ ရေစီးက အတော်တန်တော့ ဘယ်ကားမှမဖြစ်ရဲကြဘူး။ ရေအတော်ကျသွားမှ ဖြတ်ကြရတယ်။ ကားတွေဆို အကြာကြီးစောင့်နေကြရတာပေါ့။” ဟု လားရှိုး-မန္တလေး ကုန်တင်ယာဉ်မောင်းတစ်ဦး ကပြောသည်။
လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် လမ်းရေကျော်မှုများဖြစ်ပွားပါက ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင်ယာဉ်များနှင့် အိမ်စီးယာဉ်ငယ် များ အများအပြားစောင့်နေကြရသည်ကိုတွေ့မြင်ကြရသည်။
“တစ်နေ့ကပေါ့ ကျွန်တော်နေပြည်တော်ကို အလုပ်ကိစ္စလေးရှိလို့သွားတာ။ နောင်မွန်အဝင်မှာ တောင်ကျရေတွေ စီးနေလို့ လမ်းမှာ တစ်နာရီကျော်ကျော် လောက်စောင့်လိုက်ရတယ်။ မိုးကလည်းသည်းနေတော့ တော်တော်နဲ့ရေကမကျဘူး။ ” ဟု ခရီးသွားတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နောင်ချိုနှင့်ကျောက်မဲကြားရှိ ဂုတ်တွင်းလမ်းနှင့် လားရှိုးအနီးတို့တွင် ယာဉ်များ မကြာခဏလမ်းပိတ်ဆို့မှုများ ဖြစ်ပွားတတ် ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)