ကျိုက်ထို ဇူလိုင် ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ နဝမအကြိမ်မြောက် သံဃနာယကနှင့် ဝိနည်းဓိုရ်ဗဟိုအဆင့် ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၈ နာရီက ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားဓမ္မာရုံ၌ ဖွင့်လှစ်သည်။
ရှေးဦးစွာ တက်ရောက်လာကြသည့် ဆရာတော်ကြီးများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ နိုင်ငံတော်သံဃနာယကအဖွဲ့ဗဟိုမှ ဆရာတော် ဘဒ္ဒန္တနန္ဒဝံသမှ အဖွင့်စကား မြွက်ကြားပြီး ပြည်နယ်သံဃနာယကအဖွဲ့မှ ဆရာတော်ကြီးများက ဝိနည်းဓမ္မ ကောက်နုတ်ချက်များ၊ ညွှန်ကြားလွှာများ၊ ဝိနည်းဓမ္မကံ ကာကွယ် စောင့်ရှောက်ရေးဥပဒေနှင့် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအကြောင်းအရာများကို သင်ကြားပို့ချပေးမည်ဖြစ်သည်။
အဆိုပါ သင်တန်းကို ဇူလိုင် ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ရာ မြို့နယ်သံဃနာယကအဖွဲ့၊ ရပ်/ကျေး သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော် ဆောင်သံဃာ ၁၀၉ ပါး သင်တန်းတက်ရောက်ပြီး သင်တန်းကာလအတွင်း ဆရာတော်/သံဃာတော်ကြီးများအား ဆွမ်းဆက်ကပ်ရေးကိစ္စများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ အလှူရှင်များနှင့် တာဝန်ရှိသူများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)