ကွတ်ခိုင် ဇူလိုင် ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲ၊ နံရံကပ်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲများကို မြို့နယ်အတွင်းရှိ အ.မ.က (၇) ကျောင်းတွင် ယမန်နေ့ နေ့လည် (၁:၃၀) နာရီက ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ဟောပြောပွဲကိုပြုလုပ်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဌေးဌေးဝင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ၏ ကိုယ်ကျိုးစွန့် အနစ်နာခံကြိုးစားခဲ့ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် (၉) ဦး၏ အတ္ထုပ္ပတ္တိများနှင့် အာဇာနည်စိတ်ဓာတ်များကို အကျယ်တဝင့်ရှင်းလင်း၍ အသိပညာပေး ဟောပြော ခဲ့ကြသည်။
ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံများကို ပြသထားပြီး အခြားဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်များ၊ ဉာဏ်စမ်းစာအုပ်များနှင့် မဂ္ဂဇင်းတို့ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချစ်မျိုးဦး