တောင်ကြီး ဇူလိုင် ၁၂
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာ ထမင်း စားဆောင်နှင့် အလုပ်ရုံအဆောက်အဦ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂) ရပ်ကွက်၊ ခပေါင်းရေကြည်ရပ်၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ် တိုင်းရင်းသား ရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာ နှစ်ထပ် အဆောက်အဦကို မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ဆောက်လုပ်ခဲ့ပြီး (၁၀၀)ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်၍ အဆောက်အဦတွင် အစည်းအဝေးခန်းများ၊ စာသင်ခန်းများနှင့် အိပ်ဆောင် (၂၀)ခန်း ပါဝင်ပြီး (၄၀)ဦး အထိ တည်းခိုနေထိုင် နိုင်ပါကြောင်း၊ သင်တန်းသားများ ပိုမိုလက်ခံ သင်ကြားနိုင်ရေးအတွက် နှစ်ထပ်မှ လေးထပ်အဆောက်အဦသို့ တိုးမြှင့်တည်ဆောက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ လမ်းညွှန်ခဲ့ သည့်အတွက် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေကျပ် (၇၈၅.၇၃၅)သန်းနှင့် တင်ဒါအောင်မြင်သည့် မိုးယံဝင့်ချီ ကုမ္ပဏီလိမီတက်မှ တာဝန်ယူတည်ဆောက် သွားမည်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေနှင့် ကျန်ငွေကျပ်(၉၀.၂၃၈)သန်းနှင့် စင်တာအဆောက်အဦအတွက် ဖြည့်စွက် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ထောက်ပံ့ရန် ပုံငွေကျပ် (၅၃၉.၅၁၅)သန်းနှင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာ၏ ဖြည့်စွက်လုပ်ငန်းများ ဖြစ်ကြသည့် ကားပါကင်၊ ကွန်ကရစ်လမ်း၊ အုတ်ရေမြောင်း၊ အုတ်ပလက်ဖောင်း၊ အုတ်တံတိုင်းကာရံခြင်း၊ အဝီစိတွင်းတူးဖော်ခြင်း၊ အလုပ်ရုံအဆောက်အဦနှင့် ထမင်းစားဆောင် ဆောက်လုပ်ခြင်းစသည့် လုပ်ငန်းများကို ဆောက်ရွက်သွား မည်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေဖြင့် အမေရိကန်ဒေါ်လာ (၃၇၇၃၀၀) ဒေါ်လာကို ရရှိခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းအပြင် စင်တာတွင် ပြုလုပ်မည့် ဆွေးနွေးပွဲနှင့် သင်တန်းသုံး ပစ္စည်းများကိုလည်း ထောက်ပံ့ပေးထားပြီး ဖြစ်ကြောင်း၊ စင်တာလုပ်ငန်းများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ်စေရန် တွန်းအားပေး ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ရှမ်းပြည်နယ်နေ့တွင် စင်တာဖွင့်ပွဲနှင့်အတူ သက်မွေး သင်တန်းများကိုလည်း စတင်ဖွင့်လှစ်နိုင်ရန် စီစဥ်ထားရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Deputy Chief of Mission Ms.Cao Jing က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် လှုပ်ရှားမှု ဦးတည်ချက်ကို ကိုင်ဆွဲထားပြီး ပြည်သူလူနေမှုဘဝ ကောင်းမွန်လာစေရန် ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား ဖော်ဆောင်၍ တိုင်းရင်းသားဒေသ ပူးပေါင်းဆောင်ရွက်မှုကို အရးပါ ဖွဲ့စည်းပုံ အစိတ် အပိုင်းအဖြစ် သဘောထားပါကြောင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် (၂)နှစ်ဆက်တိုက် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ စီမံကိန်း တည်ဆောက်မှုကို ပံ့ပိုးပေးခဲ့သည်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးပေါင်းစု ပေါင်းစပ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် ပံ့ပိုးကူညီမှုကို ထင်ဟပ်စေပါကြောင်း အဆိုပါစင်တာမှ ရှမ်းပြည်နယ် ပြည်သူများအတွက် အသက်မွေးဝမ်းကြောင်း စွမ်းရည်လေ့ကျင့်မှုပေးပြီး ပိုမိုကောင်းမွန်စွာ လုပ်ငန်းခွင် ဝင်နိုင်၍ လူနေမှုဘဝ ကောင်းမွန်လစေရန်နှင့် လူမျိုးစုများ ကူးလူးဖလှယ်ရေးအတွက် ပလက်ဖောင်း ထောက်ပံ့ပေးကာ အပြန်အလှန် နားလည်ယုံကြည်မှုနှင့် ပေါင်းစပ်မှုကို မြှင့်တင်ပေးနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ Deputy Chief of Mission Ms.Cao Jing အား ကျောက်စီပန်းချီကား အမှတ်တရ လက်ဆောင်ပေးအပ်ပြီး ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပရာ ထမင်းစားဆောင်နှင့် အလုပ်ရုံအဆောက်အဦတို့ကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Deputy Chief of Mission Ms.Cao Jing၊ ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုတို့က ပန္နက်ရိုက်ပေးပြီး အမွှေးနံ့သာရေ ပက်ဖျန်းပေးကြကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)