ဒဂုံအရှေ့ ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ဒဂုံတက္ကသိုလ်တွင် နိုင်ငံခြား ပညာသင်ဆု (Scholarship) များနှင့် ပတ်သက်သော အသိပညာပေး ဟောပြောပွဲကို အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဒေါ်စန်းစန်းမွှေးက မဟာဘွဲ့ သင်တန်း တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများနှင့်နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံခြားပညာသင်ဆုများ လျှောက်ထားနိုင်ရေးအတွက် သိရှိလိုက်နာရမည့် အချက်များကို ပဏာမရှင်းလင်းပြောကြား ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ရုံး၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာပြည့်စုံဝင်းက နိုင်ငံခြားပညာသင်ဆုများ အကြောင်း၊ နိုင်ငံခြားပညာသင်ဆု ပေးအပ်သည့်နိုင်ငံများ၊ အဖွဲ့အစည်းများ အကြောင်းနှင့် နိုင်ငံခြားပညာသင်ဆုများအတွက် ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ လေ့လာ ရမည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပေးခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။
ထို့နောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာဒေါ်စန်းစန်းလွင်က ကျေးဇူးတင်စကား ပြောကြားကာ ဟောပြောပေးခဲ့သည့် ဒေါက်တာပြည့်စုံဝင်းကို ဂုဏ်ပြု အမှတ်တရလက်ဆောင် ချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားသို့ ဒဂုံတက္ကသိုလ် ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ၊ ဌာနမှူးများ၊ မဟာဘွဲ့ ကျောင်းသားကျောင်းသူ များ၊ နည်းပြ/သရုပ်ပြဆရာ၊ ဆရာမများနှင့် စိတ်ပါဝင်စားသူ ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမများ စုစုပေါင်း (၄၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်