စဉ့်ကူးမြို့နယ် ကျောက်တိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေး

စဉ့်ကူး ဇူလိုင်  ၁၂

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျောက်တိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆပ်/ ထုတ်စနစ်ဖြင့် (နဝမ)အကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့​သည်။

ရှေးဦးစွာ သပိတ်ကျင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းဖြင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်း ပြောကြား ခဲ့သည်။

ထို့နောက် စဉ့်ကူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်း တာဝန်ခံ ဝန်ထမ်းများက ကျောက်တိုင်ကျေးရွာမှ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ (၆၅) ဦးတို့အား ငွေကျပ် (၃၈ ဒသမ ၂ သန်း)၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၂၅) ဦးတို့အား ချေးငွေကျပ် (၁၃ ဒသမ ၂ သန်း)၊ အ‌‌ရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၇)ဦးတို့အား ချေးငွေ ကျပ် (၃ ဒသမ ၁ သန်း) စုစုပေါင်း အသင်းသား/အသင်းသူ (၉၇) ဦးတို့အား ချေးငွေကျပ် (၅၄ ဒသမ ၅ သန်း) တို့အား အသင်းသူ/ အသင်းသားများလက်ဝယ်သို့ နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းထံမှ သိရသည်။

တင်ဇာလွင် (ပြန်/ ဆက်)