နမ့်ခမ်း ဇူလိုင် ၁၂
ကျေးရွာလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာ၏ အဓိက လိုအပ်ချက်များ ပါဝင်သော ကျေးရွာဖွံ့ဖြိုးရေး စီမံချက်များအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာအား တစ်ရွာလျှင်ထောက်ပံ့ငွေ သိန်း(၁၅၀) ထောက်ပံ့နိုင်ရန် ယမန်နေ့ နံနက်(၁၁)နာရီအချိန်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ကျေးရွာလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများ၏ အဓိက လိုအပ်ချက်များဖြစ်သော ဘက်စုံသုံးအဆောက်အဦ၊ ကွန်ကရစ်လမ်း၊ သောက်သုံးရေ ရရှိရေးနှင့် လျှပ်စစ်မီးရရှိစေရေးတို့ အတွက် မန့်ဟောင်း၊ လွယ်လောင်၊ နမ့်ဟွမ်၊ လွယ်မွန်း၊ မန်အောင်၊ ဆိုင်တောင်နှင့် ကုန်းဆာ ကျေးရွာများ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်ပေးသွားမည့် စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာမှပြုလုပ်မည့် လုပ်ငန်းများအတွက် ကော်မတီဖွဲ့စည်းခြင်းနှင့် ကျေးရွာတစ်ရွာလျှင် ထောက်ပံ့ငွေကျပ်သိန်း (၁၅၀) ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများတွင် ထောက်ပံ့ငွေကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးရွာများ၏ တာဝန်ရှိသူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာလူထုမှ လုပ်အားများ စိုက်ထုတ်လုပ်ကိုင်သွားကြမည်ဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် ကျေးရွာများကိုလည်း ဆက်လက်ထောက်ပံ့ပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်လှိုင်မိုးထံက သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)