မဘိမ်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် အတူနေ မိသားစုဝင်များအား စားနပ်ရိက္ခာများ ထောက်ပံ့

မဘိမ်း  ဇူလိုင်  ၁၂        

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် အတူနေမိသားစုဝင်များအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူနေ မိသားစုဝင်များအား ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥများကို စားနပ်ရိက္ခာများအဖြစ် ပေးအပ်ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း(၇၁၅)ဦးနှင့် အတူနေမိသားစုဝင်များ (၇၈၅)ဦးရှိကြောင်း၊ ဝန်ထမ်းတစ်ဦးလျှင် ဆီတစ်ပိသာ၊ ငါးသေတ္တာလေးဗူး၊ ကြက်ဥဆယ်လုံးနှင့် အတူနေမိသားစုဝင်တစ်ဦးလျှင် ငါးသေတ္တာတစ်ဗူး၊ ကြက်ဥဆယ်လုံးနှင့် ခေါက်ဆွဲခြောက်ဆယ်ထုပ်တို့ကို လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ထောက်ပံ့ပစ္စည်းများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင်က ပေးအပ်ရာမြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇာနည်မောင်က လည်းကောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် မိုးမိတ်(အခြေချ) စစ်ဗျူဟာမှ ခွဲတပ်ကြပ်ကြီး သိန်းမင်းဇော်မှလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇာနည်မောင်က မြို့နယ်မီးသတ်တပ် ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဒုမီးသတ်ဦးစီးမှူး ဦးဇာနည်မျိုးမှ လည်းကောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးသန်းဝင်းက မြို့နယ်ဥပဒေရုံးဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် မြို့နယ်ဥပဒေအရာရှိ ဦးထွန်းဝင်းကလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြကြောင်း သိရသည်။

မျိုးမင်း (မဘိမ်း)