မြစ်သား ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ မိုင်းမောကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ အပူပိုင်းမိုးနည်းရပ်ဝန်းဒေသနေ ဒေသခံပြည်သူလူထုအား ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အောင်ချမ်းသာကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ကွင်းဆင်းဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ လူထုဟောပြောပွဲတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးအရာရှိ ဦးသန့်ဇင် ကသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောပြုန်းတီးမှုကိုကာကွယ်ရေး၊ စိုက်ပျိုးစွန့်ပစ်ပစ္စည်းများ အားအလဟသမဖြစ်စေဘဲ ထင်းအစားထိုးအဖြစ်အသုံးပြုရေး၊ ထင်းအစား အခြားလောင်စာများ အသုံးပြုရေးများကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသော အောင်ချမ်းသာကျေးရွာ ဒေသခံပြည်သူများလက်ဝယ်အရောက် စွမ်းအားမြှင့်သံပုံးစွပ် မီးဖို (၂၀၀)လုံးကို (အခမဲ့) ဖြန့်ဝေပေးအပ်ခဲ့ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း