တာမွေမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တာမွေ  ဇူလိုင်  ၁၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ၎င်းတို့ သိရှိထားသည့် အသိဉာဏ် ပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ထိရောက်အကျိုးရှိစွာ အသုံးချတတ်ပြီး မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ လူအများ၏ အကျိုးကို သယ်ပိုးထမ်းဆောင်နိုင်စေရန်အတွက် ရည်ရွယ်၍ တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့တာမွေမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်ကပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေ မြို့နယ် ပညာရေးမှူး ဒေါ်ကြူကြူခိုင်က “လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးလင်းအောင်က “လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြပြီး တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင် များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

အခမ်းအနားသို့ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ တာမွေမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)