နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူအစုအဖွဲ့များသို့ သွင်းအားစုမြေဩဇာအိတ်များ လွှဲပြောင်းပေးအပ်ခြင်းနှင့် အကျိုးတူလယ်ယာစနစ်ဆောင်ရွက်သည့် တောင်သူများ ကိုယ်စားသွင်းအားစုတန်ဖိုးငွေများပေးချေ

ရန်ကုန် ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုက်ကြီးမြို့နယ်အတွင်းမှ ချေးငွေရရှိသူတောင်သူအစုအဖွဲ့(၉)ဖွဲ့သို့ သွင်းအားစုမြေဩဇာအိတ်များ လွှဲပြောင်းပေးအပ်ခြင်းနှင့် အကျိုးတူလယ်ယာစနစ်ဆောင်ရွက်သည့်တောင်သူအစုအဖွဲ့ (၁၅)ဖွဲ့ရှိ တောင်သူများ ကိုယ်စားသွင်းအားစုတန်ဖိုးငွေများပေးချေခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုက်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန် ပုံငွေဖြင့် တိုက်ကြီးမြို့နယ်အတွင်း အစုအဖွဲ့များသို့ ထုတ်ချေးထားမှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က သွင်းအားစုမြေဩဇာအိတ်များလွှဲပြောင်းပေးအပ်ခြင်းနှင့် သွင်းအားစုတန်ဖိုးငွေများပေးချေခြင်းနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက စိုက်ပျိုးရေးနည်းစနစ်များနှင့်စပ်လျဉ်း၍ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက ဥတိုကျေးရွာ၊ ဂျိုးဖြူကျေးရွာ၊ ဥက္ကံရွာမကျေးရွာ၊ ရင်းတိုက်ကွင်းကျေးရွာ၊ ဆင်စခန်းကျေးရွာ၊ ဥတိုကျေးရွာ၊ လောက်လေးချောင်းကျေးရွာ၊ အုပ်ပုံကျေးရွာ၊ တောင်ရပ် ဇီးကုန်းကျေးရွာ၊ ဖလုံကံကုန်း‌ကျေးရွာ၊ အဖျောက် (၂) ရပ်ကွက်၊ ကွမ်းခြံကုန်း‌ကျေးရွာ၊ အဖျောက် (၃)ရပ်ကွက်၊ ဘွက်ကုန်းကျေး ရွာအုပ်စုတို့မှနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ချေးငွေရရှိသူတောင်သူအစုအဖွဲ့(၉)ဖွဲ့ရှိ တောင်သူများသို့သွင်းအားစုမြေဩဇာအိတ်များ လွှဲပြောင်း ပေးအပ်ပြီး အကျိုးတူလယ်ယာစနစ်ဆောင်ရွက်သည့် တောင်သူအစုအဖွဲ့ (၁၅)ဖွဲ့ တို့ ကိုယ်စားဝယ်ယူကြိတ်ခွဲကုမ္ပဏီ(၅)ခုအား သွင်းအားစုတန်ဖိုးငွေများပေးချေရာ ရွှေဝါရောင်စိုက်ပျိုး ထုတ်လုပ်ရေးကုမ္ပဏီကလက်ခံရယူပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေ ရယူထားသူ တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စပါးအပြင်သီးထပ်၊သီးညှပ်နှင့် ရာသီပေါ်သီးနှံများကို အကြားအလပ်မရှိထပ်မံစိုက်ပျိုးကြခြင်းဖြင့် တောင်သူဦးကြီးများကို ဝင်ငွေထပ်ခါထပ်ခါရစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အပါအဝင် MSMEs လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစုအဖွဲ့စနစ်၊ သမဝါယမအသင်းစနစ်၊ ရပ်ကွက်/ကျေးရွာကော်မတီများဖြင့် ဆောင်ရွက်ရာတွင်လည်း လိုအပ်သည်များပံ့ပိုးပေးရန်အဆင်သင့်ရှိကြောင်း၊ လုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့်စုပေါင်းလုပ်ဆောင်ကြရန်နှင့် အပြန်အလှန်ယုံကြည်မှုရှိရှိဖြင့် ရေရှည်လက်တွဲ လုပ်ဆောင်ရွက်ကြရန် ပြောကြားပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)