မိုးညှင်း အောက်တိုဘာ ၁၂
မြန်မာနိုင်ငံတွင် အကြီးဆုံးကုန်းတွင်း ရေချိုအိုင်ကြီးဖြစ်သည့် အင်းတော်ကြီးကန်နှင့် ဆက်စပ် ရေဝပ်ဒေသများတို့ စက်တင်ဘာလမှစတင်၍ ဆောင်းခိုရေပျော်ငှက်များ စတင်ဝင်ရောက်လျက်ရှိပြီး ငှက်မျိုးစိတ်(၁၁)မျိုး ကောင်ရေ ၁၁၁ ကောင် ဝင်ရောက်ခဲ့ကြောင်း အင်းတော်ကြီး ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက အတည်ပြုပြောကြားခဲ့သည်။
အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၏ လစဉ်ရေပျော်ငှက်စာရင်းကို တာဝန်ကျ ဝန်ထမ်းများနှင့်ကောက်ယူလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အတွင်း ဆောင်းခိုငှက်(၁၁) မျိုး (လင်းဝက်၊ တစ်တီတူးခေါင်းမွဲ၊ မြစ်တွေး၊ ယောင်ပေစူးမြစ်တွေးလေး၊ ငဟစ်၊ ဆတ်ဗျိုင်း၊ ခြုံတိုးဗျိုင်း၊ တလိုင်းကောင်၊ ခရုစပ်၊ ဘဲပြာကလေး) စသည့် ငှက်မျိုး ၁၁၁ ကောင်ဝင်ရောက်ခဲ့ကြောင်း အင်းတော်ကြီး ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ စာရင်းဇယားများရ သိရသည်။
ဆောင်းရာသီတွင် ကမ္ဘာ့မြောက်ဘက်ခြမ်းမှ ငှက်မျိုးစိတ်များသည် အီကွေတာနှင့်နီးရာ အရှေ့တောင်-အာရှ၊ တောင်အာရှ၊ အရှေ့-အာရှ နိုင်ငံများရှိ ရေဝပ်ဒေသများသို့ ဆောင်းခိုရန် ပြောင်းရွှေ့ ကျက်စားလျက်ရှိရာ မြန်မာနိုင်ငံသည် ဗဟိုအာရှငှက်ပျံသန်းရာလမ်းကြောင်း (Central Asia Flyway)နှင့် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း (East Asia Australia Flyway)(၂)ခုတွင် ပါဝင်ကျရောက်နေသည်။
အင်းတော်ကြီး တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တော အပါအဝင် မြန်မာနိုင်ငံရှိ ရေဝပ်ဒေသ(၆)ခုသည် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်းပေါ်တွင် ကျရောက်လျက်ရှိခြင်းကြောင့် နှစ်စဉ်ဆောင်းခိုငှက်ကောင်ရေ ၃၀၀၀၀ ကျော်အထိ လာရောက်ကျက်စား ဆောင်းခိုလျက်ရှိကြောင်း ဘေးမဲ့တောအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းထံမှသိရသည်။
“ဆောင်းခိုငှက်တွေက လွန်ခဲ့တဲ့လကတည်းက စလာနေကြပြီ၊ ဆောင်းခိုငှက်ကောင်ရေ အများဆုံး အချိန်က ဒီဇင်ဘာလနောက်ဆုံးပတ်နဲ့ ဇန်နဝါရီလပထမပတ်တွေမှာ အများဆုံး လာရောက်လေ့ရှိကြ တယ်၊ မနှစ်ကဆိုကောင်ရေ ၃၀၀၀၀ ကျော် ဝင်ရောက်ခဲ့တယ်” ဟု ဦးမောင်ဝင်းကပြော ကြားသည်။
အင်းတော်ကြီးကန်နှင့် ဆက်စပ်ရေဝပ်ဒေသများကို အရှေ့အာရှ-ဩစတြေးလျငှက်ပျံသန်းရာ လမ်းကြောင်းရှိ အရေးကြီးရေဝပ်ဒေသအဖြစ် ၁၅-၁၂-၂၀၁၄ ရက်နေ့တွင် သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ်လည်းကောင်း၊၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့အဆင့် ရမ်ဆာရေဝပ်ဒေသ အဖြစ် လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ဇီဝအဝန်းနယ်မြေအဖြစ် လည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် Wetland Link Asia – Wli Asia အဖြစ် လည်းကောင်းသတ်မှတ်ခံခဲ့ရကြောင်း သိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)