ပုဗ္ဗသီရိ ဇူလိုင် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များဖိတ်ခေါ်၍ အင်္ဂလိပ်စာစွမ်းရည်၊ မြန်မာစာစွမ်းရည်၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ကလေးငယ်များ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်ရန်နှင့် ကိုယ်ရည်ကိုယ်သွေးများ ကောင်းမွန်လာစေရန်ရည်ရွယ်၍ ယခုလိုပြည်သူ့ စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီးပြိုင်ပွဲပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် Book Club အဖွဲ့ဝင်များက ဦးဆောင်၍ ကလေးငယ်များအား အင်္ဂလိပ်စာစွမ်းရည်၊ မြန်မာစာစွမ်းရည်၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်ပေးခဲ့ရာ ပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးငယ်များအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့်ကလေးငယ်များက ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတရသစာအုပ်များနှင့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာကြည့်ရှုခဲ့သည်။
အဆိုပါ ပြိုင်ပွဲသို့ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး၊ အထကခွဲ မင်္ဂလာဒီပကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး စုစုပေါင်း ၃၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ ဆက်)