မလှိုင်မြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးနှင့် (HIV/AIDS) ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

မလှိုင် ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေး၊ (HIV/AIDS) ရောဂါနှင့် ဝမ်းပျက်၊ ဝမ်းလျောရောဂါ ကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မေသူအေးက  အသိပညာပေး ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မလှိုင်မြို့  မြို့မပြည်သူ့ကျန်းမာရေးဌာန၊ သားဖွားဆရာမ ဒေါ်ကြူကြူဝေက (HIV/AIDS) ရောဂါအကြောင်းနှင့်ပတ်သက်၍  (HIV/AIDS) မကူးစက်နိုင်ရေး  ကာကွယ်ရမည့်နည်းလမ်းများနှင့် ရောဂါကူးစက်မှုခံရပါက  မပြန့်ပွားရေးအတွက်  နေထိုင်ရမည့်အချက်များ ရောဂါရှိသူကို နှိမ့်ချဆက်ဆံခြင်းမပြုရန်၊ တန်းတူညီမျှဆက်ဆံသွားရန်နှင့် ကွင်းဆင်းဆောင်ရွက်နေမှုများ အကြောင်းကို အသိပေးရှင်းလင်းပြောကြခဲ့သည်။ ယင်းနောက် အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ခင်နှင်းခိုင်က သွေးလွန်တုတ်ကွေးရောဂါအကြောင်း၊ သွေးလွန်တုတ်ကွေးရောဂါသည် အသက်(၁၅)နှစ်အောက်နှင့် မိုးဉီးကာလတွင် အဖြစ်များကြောင်း၊ သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားနိုင်သည့် အေးဒီစ် (ခေါ်) ခြင်ကျား (ခြင်ပုန်း)သည် ရေကြည်ရေသန့်တွင်သာ ပေါက်ဖွားသဖြင့် ပိုးလောက်လမ်းများမရှိစေရန် အသုံးပြုသည် ရေအိုးများအား(၃)ရက် တစ်ကြိမ် ရေလဲအသုံးပြုရန်၊  အသုံးပြုနေသည့် ရေပီပါများ ရေပုံးများ၊ စဉ်းအိုးများတွင် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ရန်၊ ခြင်ကိုက်ခံရခြင်းကြောင့် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားသည့်အတွက် ခြင်ကိုက်မခံရအောင် ဆေးစိမ်ခြင်ထောင် အသုံးပြုသွားရန်နှင့် ခြင်ထောင်ဆေးစိမ်နည်းကို လက်တွေ့သရုပ်ပြ သပေးခဲ့သည်။ ဆက်လက်၍ ဝမ်းပျက်ဝမ်းလျောရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် လိုက်နာရမည့်အချက်များကို ပညာပေးဟောပြောသွားကြောင်း သိရသည်။

အောင်ဌေး ( မလှိုင် )