ရန်ကုန် အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှသာ သွားလာကြရမည်ဟု ကြေညာထားပြီး ဖြစ်သော်လည်း မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ခရီးသွားပြည်သူ တစ်ချို့မှာ လိုက်နာဆောင်ရွက်မှု အားနည်းနေသေးသဖြင့် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွ နေရာများ အပါအဝင် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာနေသူ များအား ချက်ချင်းဝယ်၊ ချက်ချင်းတပ် စနစ်ဖြင့် အရေးယူဆောင်ရွက်ခဲ့ကြသည်။
"တာမွေမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ နေအိမ်မှ ပြင်ပသို့ ထွက်ခွာသွားလာသည့် အခါများနှင့် အလုပ်ခွင်၌ အလုပ်လုပ်သည့် အချိန်များတွင် နှာခေါင်းစည်း (Mask) တပ်ဆင်သည့် အလေ့အကျင့်များ လျော့နည်းလာသည့်အတွက် ယခုလို ချက်ချင်းဝယ်၊ ချက်ချင်းတပ်စနစ်ဖြင့် အရေးယူခြင်းများ ဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း၊ အရေးယူခြင်းများ ဆောင်ရွက်ရာတွင် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါနှင့်် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်လည်း အသိပညာပေးခြင်းများကိုပါ တစ်ပါတည်း ဆောင်ရွက်လျက်ရှိပါတယ်" ဟု တာမွေမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးယုလေးအောင်က ပြောကြားခဲ့သည်။
နိုင်လင်းအောင်(ပြန်/ဆက်)