ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်ထွက်တိုင်း (mask) တပ်ဆင်မှု အလေးထားဆောင်ရွက်ရန် ဒဏ်ကြေးငွေပေးဆောင်စေခြင်းဖြင့် ကြပ်မတ်ဆောင်ရွက်

ကွမ်းခြံကုန်း အောက်တိုဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့မနက်()နာရီက မြို့လယ်ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ (mask) တပ်ဆင်လာခြင်းမရှိသူများအား ဒဏ်ကြေးငွေ ပေးဆောင်စေခြင်းဖြင့် စည်းကမ်းလိုက်နာမှုရှိစေရန် ကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်မှုတွင် ကိုဗစ်-၁၉မြို့နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ ဖြစ်သည့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူဈေးဝယ်သူများနှင့် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် သွားလာနေသူများ၊ စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသူများအား နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်းမရှိပါက ဒဏ်ကြေးငွေ(၁၅၀)ကျပ်၊ maskတစ်ခုတန်ဖိုးငွေ(၅၀)ကျပ် စုစုပေါင်း(၂၀၀)ကျပ် ပေးဆောင်စေပြီး ခုဝယ်ခုတပ် အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ယခုအချိန်သည် ကူးစက်မြန် ကိုဗစ်၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလဖြစ်သဖြင့် ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ရန်၊ လက်ကို မကြာခဏဆေးကြောရန်၊ လူစုလူဝေးများကို ရှောင်ရှားရန်အတွက် တတ်နိုင်သမျှ မိမိအိမ်တွင်သာ နေထိုင်ရန်တို့ကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)