မိတ္ထီလာမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသည့် တောင်သူများ တစ်ဧက စပါးတင်း ၁၀၀ ကျော်ထွက်ရှိသဖြင့်  တောင်သူများ အဆင်ပြေလျက်ရှိ

မိတ္ထီလာ ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စက်ပစ်တောင်ကျေးရွာတွင်  နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးသည့် တောင်သူများ တစ်ဧက စပါးတင်း ၁၀၀ ကျော်ထွက်ရှိသဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးတောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိတ္ထီလာမြို့နယ်တွင် ကျေးရွာအုပ်စု ၅ အုပ်စုတွင် စိုက်ဧက ၂၇၀ စိုက်ပျိုးထားရှိပြီး ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာတွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါး မျိုးစေ့ထုတ်စိုက်ဧက ၁၀၀ကို စိုက်ပျိုးထားရှိပါကြောင်း၊ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးမျိုးစေ့ထုတ်စိုက်တောင်သူများ မျိုးစေ့နှင့် သွင်းအားစုများ အချိန်မီရရှိရေး ဆောင်ရွက်ပေးသည့်အပြင် စိုက်နည်းစနစ်များ၊ အပင်ပိုးမွှားကင်းစင်ရေး၊ အပင်ကြီးထွားရေးနှင့် အထွက်နှုန်း တိုးတက်စေရေးတို့အတွက် မျိုးစေ့ထုတ်တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ခင်မမမျိုးက ပြောကြားခဲ့သည်။

ဆက်လက်၍ နွေစပါးမျိုးစေ့ထုတ်တောင်သူ ဦးစန်းလွင်က နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စက်ပစ်တောင်ကျေးရွာတွင် တောင်သူ ၃၄ ဦးက စိုက်ဧက ၁၀၀ကို စိုက်ပျိုးခဲ့ကြောင်း ယခင်နှစ်က နွေစပါးစိုက်ပျိုးရာတွင် သွင်းအားစုများ လိုအပ်သလောက် ထည့်သွင်းနိုင်ခြင်းမရှိသည့်အတွက် စပါး အထွက်နှုန်း လျော့နည်းခဲ့ပါတယ်၊ ယခုနှစ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရသည့် အတွက် မျိုးစပါးများ အချိန်မီရရှိပြီး သွင်းအားစုများလည်း လိုအပ်သည့်အချိန် ထည့်သွင်းနိုင်သည့်အပြင် စိုက်ပျိုးရာတွင်လည်း တောင်သူများက စိုက်ပျိုးရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့်အတွက် တစ်ဧကတင်း ၁၀၀ ကျော်ထွက်ရှိပါကြောင်း ပြောကြားခဲ့သည်။

၎င်းအပြင် တောင်သူ ဒေါ်အေးအေးမော်က ဒီနှစ်မှာတော့ စိုက်ဧက ၅ ဧက စိုက်ပျိုးထားရှိ ပါကြောင်း နိုင်ငံတော်မှ စပါးမျိုးစေ့နှင့် သွင်းအားစုများ အချိန်မီပေးအပ်သည့်အပြင် စိုက်ပျိုးရေးဝန်ထမ်းများ ကလည်း တောင်သူများနှင့် နေ့စဉ်ပူးပေါင်းဆောင်ရွက်သည့်အတွက် စိုက်ပျိုးထားရှိသည့် နွေစပါးများမှာ တစ်ဧက တင်း ၁၀၀ ကျော် ထွက်ရှိပါကြောင်း၊ ယခင်နှစ်က စပါးစိုက်ဧက တစ်ဧက တင်း ၅၀မှ ၆၀သာ ထွက်ရှိခဲ့ရာ ယခုနှစ်စပါး တင်း၁၀၀ကျော် ထွက်ရှိသဖြင့် စိုက်ပျိုးရေး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ပြောကြားခဲ့သည်။

မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ဧက ၆၀၀ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)