ကျိုင်းတုံ ဇူလိုင် ၁၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ခေမရဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီး (၃၀) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်း အနားကို ဇူလိုင် ၁၀ ရက် နံနက် ၁၀ နာရီက အဆိုပါ ရပ်တော်မူဘုရား အာရုံခံတန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌဦးရဲနိုင်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်း အနားအားဖွင့်လှစ်ပြီး သာသနာ့ဝေပုလ္လကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယက ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာဖြင့် ဘုရားပင့် ဆောင်ရွတ်တော်မူခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက သံသရာအေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသလ္လထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် ဆရာတော်၊ သံဃာတော်များမှ ပဋ္ဌာန်းတရားတော် နာကြားရန်အတွက် နတ်ဗြဟ္မာများအား ပင့်ဆောင်တော်မူခြင်းနှင့် ပဋ္ဌာန်းတရားတော်ရွတ်ဆို ပူဇော်ရန်အတွက် ပဋ္ဌာန်း အမွန်းဂါထာတော် ဖတ်ကြားပြီး စတင်ရွတ်ဆိုပူဇော်ကြသည်။
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ ကျိုင်းတုံမြို့ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကြီး (၃၀) ကြိမ်မြောက် အသံမစဲမဟာမဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဇူလိုင် ၁၀ ရက်မှ ၁၄ ရက်အထိ ရွတ်ဆိုပူဇော်မည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်