ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများ၏ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

လားရှိုး ဇူလိုင် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ပြည်ထဲရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများ၏  ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်က လားရှိုးမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ပြည်နယ်ဒုတိယမိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်၊ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံး မိသားစု၊ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်ဒုတိယအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ ပြိုင်ပွဲဝင်ဝတ်ရွတ် အသင်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ  “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြိုင်ပွဲအမှတ်ပေး စည်းကမ်းများနှင့် ပါဠိအသံထွက်များကို ဒိုင်အဖြစ် ဆောင်ရွက်တော်မူသည့် ဆရာတော်တစ်ပါးနှင့် လူပုဂ္ဂိုလ် ဒိုင်တစ်ဦးက ရှင်းလင်းပြောကြားသည်။

ထို့နောက် ပထမဆုရရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဓမ္မသဟာယဝတ်အသင်း၊ ဒုတိယဆု ရရှိသည့် ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ (လားရှိုး) ဓမ္မမာမကဝတ်ရွတ် အသင်းတို့ကို တာဝန်ရှိသူတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုင်းထွန်း ( လားရှိုး )