မြစ်သား ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကျန်တောကျေးရွာ၌ တစ်နိုင်တစ်ပိုင် အာလူးကြော်လုပ်ငန်းဖြင့် မိသားစုဝင်ငွေများ တိုးပွားလျက် ရှိကြောင်း သိရသည်။
အာလူးကြော်ပြုလုပ်ရန်အတွက် အဆင့်ဆင့်မှာ ရွှေဝါရောင်အာလူးများကို စျေးကွက်အတွင်းမှ ရွေးချယ်ဝယ်ယူရကြောင်း လက်ရှိအာလူးသီး တစ်ပိဿာလျှင် ဝယ်စျေးမှာ (၂၈၀၀)ကျပ် ဖြစ်ပြီးအာလူးများ သီးကိုသန့်စင်အောင်ရေဖြင့် ဆေးကြောပြီး မိနစ်အနည်းငယ် ရေစိမ်ပေးထားရသည်။ ထို့နောက် ရေစိမ်ထားပြီးသော အာလူးသီးများကို အခွံခွာ၍ ညီညာအောင်စက်ဖြင့် ပါးပါးလေးလှီးဖြတ်ပေးရကြောင်း၊ အာလူးများကို ရေသန့်စင်အောင်ဆေးကြောပြီး ရေစစ်ပေးထားကာ ခဏအကြာတွင် ပဲဆီသန့်သန့် အသင့်တည်ပေးထားသော ဒယ်အိုးထဲတွင် အာလူးပါးပါးများကို ကြော်ပေးရကြောင်း၊ အာလူးကြော်များတွင် ပါဝင်သည့် ဆား၊ အချိုမှုန့် အနည်းငယ်ထည့်ပေးပြီး အာလူးကြော်အစပ်နှင့် အာလူးအချိုကြော် နှစ်မျိုးနှစ်စားရှိရာ တစ်နေ့လျှင် အာလူးသီး (၆၀)ပိဿာ ကုန်ကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်ကြီးများနှင့် ကျေးရွာများတွင် အာလူးကြော်များကို ဖောက်သည်အဖြစ် လိုက်လံရောင်းပေးလျက်ရှိရာ တစ်ထုပ်လျှင် (၂၀၀)ကျပ် (၁၀)ထုပ်ပါတစ်တွဲ(၁၇၀၀)ကျပ်ဖြစ်ပြီး အထုပ်ကြီးတစ်ထုပ်လျှင်(၅၀၀)ကျပ် (၁၀)ထုပ်ပါ တစ်တွဲလျှင်(၄၅၀၀)ကျပ်ဖြင့် ဖောက်သည်သွင်းရ၍ ယခုနှစ်တွင် အာလူးကြော် လုပ်ငန်းကိုပိုမိုတွင်ကျယ်စွာ တစ်နိုင်တစ်ပိုင်မိသားစုဝင်ငွေများ တိုးပွားအောင် လုပ်ကိုင်လျက်ရှိကြောင်း ကျန်တောကျေးရွာနေ အာလူးကြော်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဝါဝါထံမှ သိရသည်။
ဝင်းမင်းထွန်း