မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအဖြစ် လားရှိုးဂေါက်ကွင်းတွင် ပျိုးပင်ပေါင်း ၃၀၃၀ ပင် စိုက်ပျိုး

လားရှိုး ဇူလိုင် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးဂေါက်ကလပ်မှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက လားရှိုးဂေါက်ကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးဂေါက်ကွင်းအတွင်း စိမ်းလန်းစိုပြေလှပရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းကို လားရှိုး ဂေါက်ကလပ်ဥက္ကဋ္ဌ ဦးစိုင်းဟန်လှိုင်းမှ ဦးဆောင်ကာ ဂေါက်သီးရိုက်သမားများ၊ ဂေါက်ကွင်း ဝန်ထမ်းများနှင့်အတူ တပျော်တပါး  စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ ဂေါက်ကွင်းထဲမှာတော့ အရိပ်ရအပင်တွေကတော့ အရင်ကတည်းက ရှိနေတာပါပဲ။ ဒါပေမယ့် ပန်းပင်တွေ သိပ်မရှိသေးဘူး။ ဒါကြောင့် အခုက အရိပ်ရအပင်ထက် ပန်းပင်တော်တော်များများကို စိုက်တယ်။ အပင်ပေါင်း သုံးထောင်ကျော်စိုက်တယ်။ နောင်တချိန် လားရှိုးဂေါက်ကွင်းဟာ အင်မတန်မှ လှပတဲ့နေရာတစ်ခုအဖြစ် မြင်နိုင်အောင်လို့ပေါ့။ “ ဟု လားရှိုးဂေါက်ကွင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင်၊ ယမနေပင်၊ ချယ်ရီပင်၊ ရွက်လှပင်၊ ခါတော်မှီပင်၊ အုန်းပွားပင်၊ တောထန်းပင်၊ နဂါးလျှောက်ပန်း၊ အာဖရိကကျူးလစ်နှင့် အရိပ်ရအပင်များ စုစုပေါင်း ၃၀၃၀ ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)