ကျောက်တံတား အောက်တိုဘာ ၁၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာသူများ၊ ပါးစပ်၊နှာခေါင်းစည်း(Mask) များ တပ်ဆင်ခြင်း ရှိ၊မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်က မြို့နယ် အတွင်းရှိ လမ်းမကြီးများလမ်းသွယ်များနှင့် ဘတ်စ်ကားမှတ်တိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ အဖွဲ့များခွဲကာ ဆူးလေဘုရားလမ်းမကြီး၊ ပန်းဆိုးတန်း လမ်းမကြီး၊ အနော်ရထာ လမ်းမကြီးနှင့် မဟာဗန္ဓုလပန်းခြံရှေ့များနှင့် လမ်းသွယ်များသို့ သွားရောက်ကာ ပြည်သူများ ပါးစပ်၊နှာခေါင်းစည်း(Mask) များ တပ်ဆင်ခြင်း ရှိ၊မရှိ စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် ပါးစပ်၊နှာခေါင်းစည်းတပ်ဆင်လာခြင်း မရှိသူများအား Mask တစ်ခုပေး၍ တစ်ဦးလျှင် ဒဏ်ငွေအဖြစ် ငွေကျပ် ၂၀၀ စီကို ပေးဆောင်စေခြင်းနှင့် နေအိမ်ပြင်ပထွက်ခွာတိုင်း ပါးစပ်၊နှာခေါင်းစည်း(Mask)ကို မေးစေ့တွင်မချိတ်ရန်၊ ပါးစပ်နှင့်နှာခေါင်းကို လုံခြုံစွာအုပ်၍ မဖြစ်မနေ တပ်ဆင်ရန် သတိပေးပြောကြားခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေနန်းမေ