မြစ်ကြီးနား ဇူလိုင် ၁၁
ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုး တက်ပြီးသန့်ရှင်းသာယာလှပလာစေကာ စနစ်ကျသော လူနေမှုပတ်ဝန်းကျင်ကောင်းများဖြစ်ပေါ်လာစေရေး ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်နိုင်ရေးနှင့် ဒေသတွင်းစားရေရိက္ခာဖူလုံစေရေးအတွက် မိုးစပါးအပြင်သီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပန်းချစ်သူများအသင်း၊ Kachin State Clean & Green Team (KCG)အသင်းဝင်များ၊ တောင်သူများနှင့်အတူ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မြို့တော်မြစ်ကြီးနားမြို့သည် ယခင်ကထက်များစွာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ မြို့နေပြည်သူများအနေဖြင့် စည်းကမ်းတကျအမှိုက်စွန့်ပစ်တတ်စေရန်နှင့် သန့်ရှင်းသပ်ရပ်ပြီး လူမှုပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ယနေ့အသင်းအဖွဲ့များကိုဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူသားများအားလုံးအတွက် အရေးပါသည့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူများအားလုံးက စည်းကမ်းတကျလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်းရှိ လယ်ယာမြေများအား အခြားနည်းအသုံးချမှုမရှိစေရေး၊ မိမိတို့အတွက် စားရေရိက္ခာဖူလုံစေရေးအတွက် လယ်ယာများကို ဥပဒေနှင့်အညီထိန်းသိမ်းပြီး မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအပြင် သီးထပ်သီးညှပ်များကို တိုးမြှင့်စိုက်ပျိုးနိုင်ရေး တောင်သူများအပြင် အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဥပဒေချုပ်ရုံးမှ ပြည်နယ်ဥပဒေအရာရှိ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ မြစ်ကြီးနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က လယ်ယာမြေများ အခြားနည်းအသုံးပြုခြင်းအပေါ် ဥပဒေ/ နည်းဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီအရေးယူဆောင်ရွက်နိုင်သည့် လုပ်ထုံးလုပ်နည်းများ၊ စိုက်ပျိုးခြင်းမရှိသည့် လယ်ယာမြေများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်သည့် နည်းလမ်းများ၊ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း မိုးစပါးသီးနှံအပြင် သီးထပ်သီးနှံများ စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်နှင့် နည်းပညာ၊ စိုက်ပျိုးရေနှင့် သွင်းအားစုများ ပံ့ပိုးကူညီဆောင်ရွက်သွားမည့် အစီအမံများ၊ ပန်းမြို့တော်အဖြစ် ဘဏ္ဍာနှစ်(၃)နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းအပေါ် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပန်းချစ်သူများအသင်း၊ Kachin State Clean & Green Team (KCG)အသင်းများဖွဲ့စည်းပြီး လူထုပူးပေါင်းပါဝင်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားမည့်အစီအစဉ်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ကြမည့် ပန်းချစ်သူများအသင်းနှင့် Kachin State Clean & Green Team (KCG) အသင်းများအတွက် အလှူရှင်များက ထောက်ပံ့ငွေကျပ်သိန်း (၅၀၀)ကိုလှူဒါန်းကြရာ လှူဒါန်းငွေမှုကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် အသင်းအဖွဲ့များနှင့် တောင်သူများက ပန်းမြို့တော်အဖြစ်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံလာနိုင်သည့် ကိစ္စရပ်များ၊ အခက်အခဲ၊ လိုအပ်ချက်များနှင့် တောင်သူများက အထွက်တိုးမျိုးစပါး၊ မျိုးစေ့များ လုံလောက်စွာထောက်ပံ့ပေးနိုင်ရေး၊ ရေရရှိရေးအတွက် ရေတွင်းများ လုံလောက်စွာတူးဖော်ပေးနိုင်ရေးတို့ကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဇူလိုင် ၉ ရက် ညနေပိုင်းက ပြည်နယ်၏ အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်ရေးနှင့် တိုင်းဒေသကြီးနှင့်ပြည် နယ်အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးအတွက် ဆပ်ကော်မတီအလိုက် လေ့ကျင့်ဆောင် ရွက်လျက်ရှိသည့် တာဝန်ရှိသူများနှင့် အားကစားသမားများကို သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမများ၌ ပြည်နယ်လက်ဝှေ့အားကစားဆပ်ကော်မတီအဖွဲ့ တာဝန်ရှိသူများက လူငယ်လက်ရွေးစင်လက်ဝှေ့ကစားများအား စခန်းသွင်းလေ့ကျင့်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ပြည်နယ်ကရာတေးဒိုဆပ်ကော်မတီက လက်ရွေးစင်ကစားသမားများနှင့် လူသစ်ကစားများအား စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုနှင့် ပြည်နယ်ဂျူဒိုအားကစားဆပ်ကော်မတီက ဂျူဒိုလက်ရွေးစင်ကစားသမားများနှင့် ကစားသမားအသစ်များအား စခန်းသွင်းလေ့ကျင့်နေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများ၊ ပြိုင်ပွဲဝင်ရောက်သွားမည့် အစီအစဉ်များ၊ ပဏာမပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ လက်ဝှေ့အဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၅ သိန်း၊ ကရာတေးဒိုအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၃ သိန်းနှင့် တိုက်ကွမ်ဒိုအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၄ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနဝင်းအတွင်း ဖူဆယ်အားကစားရုံ၌ ပြည်နယ်ဖူဆယ်ဘောလုံးအားကစားဆပ်ကော်မတီမှ အမျိုးသား/ အမျိုးသမီးဖူဆယ် လက်ရွေးစင်ကစားသမားများအား စခန်းသွင်းလေ့ကျင့်ယှဉ်ပြိုင်နေမှု အခြေအနေများနှင့် မိုးလုံ လေလုံအားကစားရုံအတွင်း ပြည်နယ်ဘောလီဘောဆပ်ကော်မတီမှ အမျိုးသား/ အမျိုးသမီး ဘောလီဘောအားကစားသမားများအား စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က ဖူဆယ်ဘောလုံးအသင်းနည်းပြနှင့် အားကစားသမားများအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်း၊ ဘောလီဘောအသင်းနည်းပြနှင့် ကစားသမားများအတွက် ထောက်ပံ့ငွေကျပ် ၆ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်