ဆွမ်ပရာဘွမ်မြို့တွင် (၅)နှစ်အောက် ကလေးငယ်များအား Vitamin and Mineral Powder အာဟာရဖြည့်စွက် အစားအစာ ဆေးထုတ်ပေး

ဆွမ်ပရာဘွမ်   ဇူလိုင် ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် (၅)နှစ်အောက် ကလေးငယ်များအား Vitamin and Mineral Powder အာဟာရဖြည့်အစားအစာ ဆေးထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ဂျေလုဂျာက ကျန်းမာရေးအသိပညာပေးခြင်း၊ ဗီတာမင်နှင့် မင်နရယ် ပေါင်ဒါ အာဟာရဖြည့် အစားအစာ‌ဆေးတိုက်ကျွေးပုံ၊ တိုက်ကျွေးနည်းများကို မိခင်များသိရှိလိုက်နာဆောင်ရွက်ရန် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ထို့နောက် တာဝန်ရှိသူကျန်းမာရေးဝန်ထမ်းများက အသက်(၆)လမှ ၄နှစ် ၁၁လ(၅၉)လအတွင်း ကလေးငယ်များအား အထုပ်သေး(၃၀)ထုပ်ပါဆေးကို ကလေးငယ်တစ်ဦးလျှင် (၂)ထုပ်နှုန်းဖြင့်ထုတ်ပေးကာ ဆေးတိုက်ကျွေးရာတွင် ဆေး တစ်ထုပ်တစ်ရက်နှုန်းဖြင့်အစားအစာများနှင့် မိနစ်(၃၀)အတွင်းတိုက်ကျွေးရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ Vitamin and Mineral Powder(ဗီတာမင်နှင့် မင်နရယ် ပေါင်ဒါ)အာဟာရဖြည့် ဆေးတိုက်ကျွေးခြင်းအားဖြင့် ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ခန္ဓာကိုယ်ကြီးထွားမှု စသည့် အကျိုးများခံ စားရမည်ဖြစ်ပြီး ဆေးတိုက်ကျွေးခြင်းအား (၂)လဆက်တိုက်တိုက်ကျွေးပြီး (၄) လ နား (၂)လ ပြန်တိုက်ကျွေးစနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှသိရသည်။

ဧပရယ်မိုး(ဆွမ်ပရာဘွမ်)