ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ယပ်လှဲကျောင်းဆရာတော်ကြီးနှင့် သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး ကျောင်းရှိသံဃာတော်များကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး

ကျောက်ဖြူ ဇူလိုင် ၁၁

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ယပ်လှဲကျောင်း ဆရာတော်ကြီးနှင့် သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့မှ အဆိုပါဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေးကာ ဉပုဒ်သီလခံယူဆောက်တည်ရန် လာရောက်ကြသည့် ယောဂီများအား တိုင်းရင်းဆေးများလှူဒါန်းခဲ့သည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့်အတူ ကျောက်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ယပ်လှဲဘုန်းတော်ကြီးကျောင်း၌ ယပ်လှဲကျောင်းတိုက်ဆရာတော်ကြီးအမှူးပြုသော သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားသို့ရောက်ရှိရာ အခမ်းအနားကိုနမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ကျောက်ဖြူမြို့၊ ယပ်လှဲကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တစက္ကိန္ဒအဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကတဇ နိုင်ငံတော်သံဃာ့မဟာနာယက(ငြိမ်း) ဆရာတော်ကြီးထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။  ထို့နောက် သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ ရွတ်ပွားသရဇ္ဇျာယ် ချီးမြှင့်တော်မူသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းရာ ယပ်လှဲကျောင်းတိုက်ဆရာတော်ကြီးမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး  ‘ဗုဒ္ဓသာသနံစိရံတိဋ္ဌတု’ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းကာ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးနှင့် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း၊ ဘောစဉ်အဟာရများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် အဆိုပါ ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး အဖွဲ့အမှတ်(၆) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျောင်းရှိရဟန်းသံဃာတော်များနှင့် တရားတော်နာယူရန် လာရောက်ကြသည့် ယောဂီများကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှု၍ ဆေးကုသမှုခံယူနေသူများကို တိုင်းရင်းဆေးလုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းထားသည့် တိုင်းရင်းဆေးမျိုးစုံကို လှူဒါန်းပေးအပ်ကာ နှုတ်ဆက်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)