ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး/စာရေးကိရိယာများနှင့် ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန် များထောက်ပံ့ပေးအပ်၊ J2A အထည်ချုပ်နှင့် တံဆိပ်ရိုက်လုပ်ငန်းအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇူလိုင် ၁၁

ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သန့်ရှင်းသာယာလှပလာစေကာ စနစ်ကျသော လူနေမှုပတ်ဝန်ကျင်ကောင်းများဖြစ်ပေါ်လာစေရေး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းသားသမီး ကျောင်းသား/ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ဝန်ထမ်းများ အတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ပြည်သူလူထုနှင့်တိုက်ရိုက်ဆက်ဆံရပြီး ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်ပါကြောင်း၊ မြို့ပြများ သန့်ရှင်းသာယာလှပရေးအတွက် အဓိကတာန်ရှိသည်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကိုလည်း အသိအမှတ်ပြု ဂုဏ်ယူသည့်အနေဖြင့် ယနေ့အခမ်းအနားတွင် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ကြေးနှင့် အရာထမ်း၊ အမှုထမ်းများနှင့် နေ့စားဝန်ထမ်း စုစုပေါင်း(၄၀၀)ကျော်ကို အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ကဏ္ဍပေါင်းစုံလုပ်ငန်းများကို မြို့နေပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ရသင့်ရထိုက်သည့် အခွန်ဝင်ငွေများအပေါ် ဘဏ္ဍာငွေအပြည့်အဝ ကောက်ခံရရှိရေးကိုလည်း အထူးကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က စည်ပင်သာယာရေးအဖွဲ့များ၏ ကြိုးပမ်းဆောင်ရွက်မှုကို အသိအမှတ်ပြု၊ ဂုဏ်ပြုကြောင်း ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက လုပ်ငန်းများတာဝန်ယူဆောင်ရွက်လျက်ရှိသည့် အရာထမ်း/အမှုထမ်းများနှင့် နေ့စားဝန်ထမ်းအခြေအနေများ၊ ကဏ္ဍအလိုက်လုပ်ငန်းစီမံကိန်းများအပေါ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသော စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တက္ကသိုလ် တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူများ၊ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် သန့်ရှင်းရေး၊ စိမ်းလန်းစိုပြေရေးနှင့် ညစောင့်ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးတို့က ဝန်ထမ်းသားသမီးများအတွက် ထောက်ပံ့ငွေကြေး၊ စာရေးကိရိယာများ၊ စည်ပင်သာယာရေးအဖွဲ့ ဌာနစိတ်အလိုက် အရာထမ်း/အမှုထမ်းများ၊ နေ့စားဝန်ထမ်း (၄၀၅)ဦးတို့အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ကုလားပဲ၊ အားလူ စသည့် အခြေခံစားသောက်ကုန်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအတွင်းရှိ J2A အထည်ချုပ်နှင့် တံဆိပ်ရိုက်လုပ်ငန်း ဆောင်ရွက်သည့် အလုပ်ရုံအတွင်း ပိုင်ရှင်ဦးဇော် ဘောက်နှင့်တာဝန်ရှိသူများက အထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်းစုဆောင်းရရှိမှု၊ အထည်ဖြတ်၊ အထည်ချုပ်နှင့် တံဆိပ်ရိုက်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် ပြည်နယ်အစိုးရအဖွဲ့မှပံ့ပိုးကူညီဆောင် ရွက်ပေးနေမှုအခြေအနေများ၊ ထုတ်ကုန်များဈေးကွက်ရရှိရေးနှင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)