သံတွဲမြို့၌ လူရည်ချွန် မနှင်းရွှေရည်၏ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ သွားရောက်လေ့လာခဲ့သည့် အတွေ့အကြုံများရှင်းလင်းပွဲပြုလုပ်

သံတွဲ ဇူလိုင် ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့မှဂျပန်နိုင်ငံတိုကျိုမြို့သို့ လေ့လာရေးခရီးသွားရောက်ခဲ့သည့် နှစ်ထပ်ကွမ်းလူရည်ချွန် မနှင်းရွှေရည်၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီတွင် အ.ထ.က(ခွဲ)မြို့မ ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ သံတွဲမြို့၊ အ.ထ.က(ခွဲ)မြို့မကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်စိုးက အတွေ့အကြုံ ရှင်းလင်းပွဲပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်များအား ပြောကြားခဲ့ပြီး သံတွဲမြို့၊ အ.ထ.က(ခွဲ)မြို့မကျောင်းမှ နှစ်ထပ်ကွမ်း လူရည်ချွန်မနှင်းရွှေရည်က Japan Science and Technology Agency (JST)မှ SAKURA SCIENCE Exchange Program ဖြင့် ဂျပန်နိုင်ငံတိုကျိုမြို့သို့ သွားရောက် လေ့လာရာတွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများ၊ ဂျပန်နိုင်ငံ၏ နည်းပညာ တိုးတက်နေမှုများအား Projector ဖြင့် ကျောင်းသား/ ကျောင်းသူများ အတုယူအားကျနိုင်စေရန် ပြသပေးခဲ့သည်။ နှစ်ထပ်ကွမ်း လူရည်ချွန်မနှင်းရွှေရည်သည် အ.ထ.က(ခွဲ)မြို့မ​ကျောင်းတွင် Grade- 5 မှ စတင်ပညာဆည်းပူးခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Grade-6 ဆဌမတန်း  လူရည်ချွန်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင် Grade-11 ဧကဒဿမတန်း လူရည်ချွန်(နှစ်ထပ်ကွမ်း) ရရှိခဲ့ပါသည်။

ဆက်လက်ပြီး သံတွဲမြို့၊ အ.ထ.က(ခွဲ)မြို့မကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်စိုးက နိဂုံးချုပ် အနေဖြင့် အတုယူအားကျဖွယ်ရာ ဂျပန်နိုင်ငံ၏ လေးစားအားကျဖွယ်ရာ အချက်များနှင့် ဗဟုသုတများအား ကျောင်းသားကျောင်းသူများ လေးစားအားကျစေရန်နှင့် လူရည်ချွန်များ ထပ်မံပေါ်ထွက် လာစေရန် အားပေးတိုက်တွန်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

နေမျိုးအောင်

ခရိုင်(ပြန်/ဆက်)