မွန်ဘုရင်မကြီးရှင်စောပု ကိုးကွယ်ခဲ့သော ရုပ်ပွားတော်လေးဆူနှင့် ကျိုက်မရောဆရာတော်အား တာချီလိတ်မြို့မှ ဒါယိကာ၊ ဒါယိကာမများက ပင့်ဖိတ်ပူဇော်

တာချီလိတ် ဇူလိုင် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှ ဒါယိကာ၊ ဒါယိကာမများ၏ ပင့်ဖိတ်မှုကြောင့် ကျိုက်မရောဆရာတော်နှင့် မွန်ဘုရင်မကြီးရှင်စောပု ကိုးကွယ်ခဲ့သော သမိုင်းဝင်ဆုတောင်းပြည့် ရုပ်ပွားတော်လေးဆူသည် ဇူလိုင်လ ၉ ရက်၊ မွန်းလွဲပိုင်း၌ တာချီလိတ်လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဒါယိကာ၊ ဒါယိကာမများက ပူဇော်ထားရှိရန် ကြိုဆိုပင့်ဆောင်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ကျိုက်မရောဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်တွင် ထားရှိသော မွန်ဘုရင်မကြီးရှင်စောပုကိုးကွယ်ခဲ့သည့် သမိုင်းဝင်အောင်သိဒ္ဓိစင်္ကြာရှင် ရုပ်ပွားတော်မြတ်ကြီး၊ ရာဇာဓိရာဇ်မင်းကြီးကိုးကွယ်ခဲ့သည့် အောင်သိဒ္ဓိသစ္စာရှင်ရုပ်ပွားတော်မြတ်ကြီး၊ ဓမ္မစေတီမင်းကြီးကိုးကွယ်ခဲ့သည့် အောင်သိဒ္ဓိမေတ္တာရှင် ရုပ်ပွားတော်မြတ်ကြီး၊ ပေါ်တော်မူအောင်သိဒ္ဓိစင်္ကြာမုနိ ရုပ်ပွားတော်မြတ်ကြီးနှင့် နိုင်ငံတော်ဗဟိုသာဃာ့ဝန်ဆောင်၊ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါရိန္ဒ (ကျိုက်မရောဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်ဆရာတော်)သည် တာချီလိတ်မြို့ရှိ ပင့်ဖိတ်ထားသော ဒါယိကာ၊ ဒါယိကာမများတို့၏ နေအိမ်၌ အလှည့်ကျ အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသမိုင်းဝင် ဆုတောင်းပြည့်ရုပ်ပွားတော်မြတ်‌လေးဆူကို တာချီလိတ်မြို့ရှိ အလှူရှင် ဒါယိကာ၊ ဒါယိကာမများ၏ နေအိမ်များ၌ လှည့်လည်ပင့်ဆောင် အပူဇော်ခံမည်ဖြစ်သောကြောင့် လာရောက်ဖူးမျှော်လိုသူများအနေဖြင့် နီးစပ်ရာ အလှူရှင် ဒါယိကာ၊ ဒါယိကာမများနှင့် ချိတ်ဆက် သွားရောက်ဖူးမြှော်နိုင်ပါကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)