ကျောက်တလုံးကြီး ဇူလိုင် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုးရေးသားသော “လူငယ်နဲ့လူမှုရေးလူငယ်လမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက စာဖတ် ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီးနောက် “လူငယ်နဲ့လူမှုရေး” လူငယ်လမ်းညွှန် ဆောင်းပါးများစာအုပ်မှ “လူငယ်နဲ့စိုးရိမ်စိတ်၊ လူငယ်နဲ့လူမှုရေး” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး၊ (Book Club) အဖွဲ့ဝင် ဒေါ်နန်းဗွာကြည်က “လူငယ်နဲ့ဝါသနာ၊ လူငယ်နဲ့အယုံလွယ်ခြင်း” ဆောင်းပါးအကြောင်းအရာများကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဉီးစည်သူအောင်က “လူငယ်နဲ့အာရုံ၊ လူငယ်နဲ့လက်များ” အကြောင်းအရာကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ကျောက်တလုံးကြီးမြို့ရုံးအနေဖြင့် စာပေဝါသနာရှင်များ တစ်နှင့်တစ်ဉီး ရင်းနှီးမှုရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စကားပြောစွမ်းရည် တိုးတက်လာစေရန်နှင့် အထွေထွေဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)