ခရမ်း အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ပိုင်းခရိုင်ခရမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်ဆောင်ရွက်ပေးလျက် ရှိရာ မြို့တွင်းရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများနှင့် ဆေးရုံတို့မှ နေ့စဉ် ထွက်ရှိသော စွန့်ပစ်အမှိုက်များကို ပတ်ဝန်းကျင် အနီးအနားရှိ ပြည်သူများ ရောဂါကူးစက်မှု မရှိစေရေးအတွက် စနစ်တကျထုတ်ပိုး၍ နေ့စဉ် မနက်တစ်ကြိမ် ညနေတစ်ကြိမ် တစ်နေ့နှစ်ကြိမ် သိမ်းဆည်းပေးလျက် ရှိကြောင်း သိရသည်။
ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ် အမှုဆောင်အရာရှိ ဦးမိုးကျော်က ကျွန်တော်တို့ Quarantine Centre နဲ့ ခရမ်းဆေးရုံကြီး တို့ကနေ ထွက်ရှိလာတဲ့ အမှိုက်များကို ဆေးရုံ ၊ဆေးခန်း အမှိုက်သိမ်း ယာဉ်နဲ့ နေ့စဉ် စနစ်တကျ သိမ်းဆည်းပြီးတော့ မီးရှို့ ဖျက်စီးတယ်၊ တစ်ရက်ကို အမှိုက်တန်ချိန် ၁ တန်ခန့် လောက်ထွက်တယ်၊ အမှိုက်သိမ်းယာဉ်တစ်စီးနဲ့ စီစဉ်ပေးပါတယ်၊ ဝန်ထမ်းတွေကိုလည်း အန္တရာယ်ကင်းအောင် PPE ဝတ်စုံအပြည့် ဝတ်ဆင်ပြီးတော့ စွန့်ပစ် အမှိုက်တွေကို ကိုင်တွယ်ဆောင်ရွက်ပေးတာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ခရမ်းမြို့နယ်၌ လက်ရှိအချိန်တွင် အသွားအလာကန့်သတ် စောင့်ကြည့်ရေး စင်တာ ( ၄ ) ခု ဖွင့်လှစ် ဆောင်ရွက်ထားရှိပြီး အဆိုပါ စင်တာများမှ ထွက်ရှိသော စွန့်ပစ်အမှိုက်များကို နေ့စဉ် သိမ်းဆည်းပြီး ခရမ်းသုဿန်၌ မီးရှို့ဖျက်ဆီးပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း( ခရမ်း )