မောက်မယ်မြို့နယ်၌ရာသီပေါ်မှိုမွေးရောင်းချသူများစျေးကောင်းရ

မောက်မယ် ဇူလှိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ရာသီပေါ်ငှက်စွတ်မှိုနှုတ်ယူရောင်း ချသူများ မှိုမွေး(၅)ပွင့်တစ်ခြင်းကို ငွေကျပ်၁၀၀၀နှုန်းဖြင့် ရောင်းချနေရပြီး စျေးကောင်းရ လို့အဆင်ပြေလျက်ရှိကြောင်း မှိုရောင်းချသူများထံမှသိရသည်။

“ဒီဒေသမှာ မှိုမွေးက မိုးကောင်းကောင်းရွာတာနဲ့ မိုးရွာသွန်းပြီးနောက်နှစ်ရက်လောက် ပူအိုက် ခါစအချိန်မှာ  အများဆုံးထွက်ပေါ်လေ့ရှိပြီး ရှာဖွေနှုတ်ယူရတာပါ ၊ ယခုလိုမှိုလှိုင်လှိုင်ပေါ်တဲ့ အချိန်မှာ မှိုရှာတွေ့များတဲ့နေ့ဆိုရင်တစ်ရက်ထဲ ငွေကျပ်၂၀၀၀၀ကျော်လောက်ရောင်းရပါတယ် ၊ မှိုမွေးပေါ်ချိန်က ရက်တိုတော့ ပေါ်ဦးပေါ်ဖျားဆိုရင် စျေးပိုရပြီး မှိုမွေး(၅)ပွင့်တစ်ခြင်းကို ငွေကျပ် ၁၅၀၀ကျော်အထိ ရောင်းချရပါတယ် ဒီမှိုကတစ်နှစ်မှတစ်ခါပဲပေါ်တာ ဒီနှစ်စျေးကောင်းရတော့ မှိုရှာရတာအဆင်ပြေ ပါတယ်” ဟု နောင်ခမ်းကျေးရွာနေ မှိုနှုတ်ရောင်းချသူ နန်းခမ်းအိမ်ကပြောသည်။

“စျေးထဲမှာ လက်ရှိမှိုပေါက်စျေးက ရွာဘက်တွေနဲ့မတူဘူး ရွာဘက်ကနေ မြို့ပေါ်စျေးထဲလာ ရောင်းရင် မှိုမွေးအငုံဆိုရင် မှိုမွေး(၅)ပွင့်တစ်ခြင်းကို ၂၀၀၀ကျပ်၊  အပွင့်ဆိုရင် ၁၀၀၀ကျပ်ရရှိပြီး မှိုလှိုင် လှိုင်ပေါ်ချိန်ဆိုရင် တစ်နေ့ကို၂၀၀၀၀ကျပ်/၃၀၀၀၀ကျပ်အထိရောင်းရပြီး အပိုဝင်ငွေရပါတယ်” ဟု မြို့မစျေးမှ မှိုလာရောင်းချသူတစ်ဦးကပြောသည်။

မောက်မယ်မြို့နယ်၌ ဒေသအခေါ် ငှက်စွတ်မှို၊ မှိုမွေး၊ တောင်ပို့မှို၊ အင်ဥကို ရာသီစာဟင်း အဖြစ် ကန်စွန်းရွက်၊ ငှက်ရုတ်သီးစိမ်းတို့ဖြင့် ရောယှက်ကာ အရည်သောက်၊ အချို အစပ် အရသာ မျိုးစုံကြော်/ချက်၍ အများဆုံးစားသုံးကြပြီး မှိုပေါ်ချိန်ထွက်ခါစ အငုံအဖူးများကို စျေးကောင်းပေး၍ ဝယ်ယူလေ့ရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)