တာလေမြို့၌ ဒေသထွက် ဒညင်းသီးခူးဆွတ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

တာလေ ဇူလိုင် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ရိုင်၊ တာလေမြို့နေ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုအခါ ရာသီပေါ်  ဒေသထွက် ဒညင်းသီးများ ခူးဆွတ်ရောင်းချချိန်ရောက်၍ ဒညင်းသီးစိုက်ပျိုးရောင်းချသူ ဒေသခံပြည်သူများ မိသားစုအပိုဝင်ငွေရကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒညင်းပင်များသည် နှစ်ရှည်သီးနှံဖြစ်ပြီး မိမိပိုင် ဉယျာဉ်ခြံမြေအတွင်း အပူဒဏ်အန္တရာယ်မှ ကာကွယ် နိုင်ရန်အတွက် အရိပ်ရပင်အဖြစ်သော်လည်းကောင်း၊ မိသားစုစားသုံးရန်အပြင် ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိရန်အတွက်သော်လည်းကောင်း စိုက်ပျိုးကြောင်း ဒညင်းသီး (၁၀)လုံး (သို့) ၁၂ လုံးလျှင် တစ်ထောင်ကျပ်ခန့်ရရှိကြောင်း ဒညင်းသီးစိုက်ပျိုးရောင်းချသူ ဗေသလဟောင်းရွာမှ ဒေါ်နာမီးဘိုက ပြောသည်။

ထို့ပြင် တာလေမြို့သည် ထိုင်းနိုင်ငံနယ်စပ် တာချီလိတ်မြို့နှင့် နီးစပ်သဖြင့် ထိုင်းဘတ်ငွေကိုသာ အများဆုံးသုံးစွဲကြပြီး တာလေမြို့မှ ဒညင်းသီးအဝယ်ဒိုင်များသည် မိမိမြို့အတွင်း ဒညင်းသီးအရွယ်အစားပေါ်မူတည်ကာ တစ်ကီလို (၆၀ ကျပ်သား)လျှင် ထိုင်းဘတ်ငွေခြောက်ဘတ်မှ ရှစ်ဘတ်အထိ၊ မြန်မာငွေ ငါးရာကျပ်မှ ခုနှစ်ရာကျပ်ခန့်ပေးဝယ်ပြီး ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရသဖြင့် တာလေမြို့နေ ဒညင်းသီး စိုက်ပျိုးရောင်းချသူများအပြင် ဒညင်းသီးအဝယ်ဒိုင်များလည်း မိသားစုအပိုဝင်ငွေေရကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။       

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)