အမ်း ဇူလိုင် ၁၀
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများအား ဒေသဖွံ့ဖြိုးရေး အသိပညာ ဗဟုသုတရရှိရေးအတွက် အသိပညာပေး ဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် (အခမဲ့)ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် လုံးကျေး ရွာစု ခရမ်းကျွမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ငလက်ကျ၊ ရေအေး၊ ကျမောင်း၊ ခရမ်းကျွမ်းကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအသိ ပညာပေးလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးရွာတစ်ရွာလျှင် ဒေသထွက်ကုန်တစ်ခုဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းက ကျေးလက်နေ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိရေးအတွက် စာကြည့်တိုက်များ စာဖတ်ခန်းများ ဖွင့်လှစ်နိုင်ရေး၊ ကလေးအလုပ်သမားများ ပပျောက်ရေး၊ လူကုန်ကူးခံရမှုများ မရှိစေရေး အသိပညာပေး ဟောပြောကာ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဦးနေဝင်းအောင်က ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ပြောကြားကာ ကျေးလက်နေ ပြည်သူ(၇၀)ဦးခန့် အားတိုင်းရင်းဆေးဝါး (၂၂) မျိုးဖြင့် (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စစ်ဆေးကုသပေးခြင်း၊သွေးပေါင်ချိန် တိုင်းတာပေး ခြင်း၊ သွေးတိုး၊ ဆီးချိုရှိသူများနှင့် အခြားထုံနာ၊ ကျဥ်နာ၊ အဖျားရောဂါ အမျိုးမျိုးရှိသူများအား လိမ်းဆေး၊ သောက်ဆေးနှင့် လိုအပ်သော ဆေးဝါးများပေးခြင်း စသည့် ကျေးလက်နေ ပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)