အခြေခံပညာဦးစီးဌာန၊ ၂၀၂၃ ခုနှစ် ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်း၊ အမှတ်စဉ်(၂၁) ဖွင့်ပွဲအခမ်းအနား ကျင်းပ

လယ်ဝေး ဇူလိုင် ၁၀

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးးစီးဌာန၊ ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့်ရေးစခန်း-၂ တွင် ကျင်းပသည်။

ရှေးဦးစွာ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က အဖွင့်အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် အခြေခံညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုဌေးက သင်တန်းတွင် သင်ကြားပို့ချလျက်ရှိသည့် ဘာသာရပ်များအား သင်တန်းသား၊ သင်တန်းသူများ၏ သရုပ်ပြတင်ဆက်မှုများဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား လိုက်လံနှုတ်ဆက်၍ အားပေးစကား ပြောကြားသည်။

အဆိုပါသင်တန်းကို KG+12 တွင် ကာယပညာသင်ရိုးအား ကျွမ်းကျင်ပြည့်စုံစွာ သင်ကြားပေးနိုင်ရေး၊ ကိုယ်ရောစိတ်ပါ ကြံ့ခိုင်ဖွံ့ဖြိုးသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်းလာစေရေး၊ မြန်မာနိုင်ငံ၏ အားကစားအဆင့်အတန်းမြင့်မားလာစေရေးတို့ကို ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ အခြေခံပညာကျောင်းများမှ လက်ထောက်မူပြ/ ဒုမူပြ/ လက်ထောက် လယ်ပြနှင့် ဒုလယ်ပြများ တက်ရောက်လျက်ရှိသည်။

ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်းအား သင်တန်းသား၊ သင်တန်းသူ ၄၀၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၈၀ ဦးက ပြေးခုန်ပစ်၊ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ Fitness Dance စသည့် အားကစားနည်းများကို သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်ပေါင်း (၅၀)ဖြစ်ကြောင်း သတင်းရရှိသည်။

ဝေကြည်(ပြန်/ဆက် )