မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းဗဟို နှစ်ပတ်လည်အစည်းအဝေးကျင်းပ

ရန်ကုန်  ဇူလိုင် ၁၀

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင် းဗဟို၏(၂၀၂၂-၂၀၂၃ AGM ) နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရှေ့မြင်ပြိုင် ကွင်းလမ်းရှိ Sky Star Hotel ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဗဟိုဥက္ကဋ္ဌ ဦးခင်မောင်သန်းက အဖွင့်အမှာ စကားပြောကြားပြီး ASEAN REAL ESTATE NETWORK ALLIANCE (ARENA)(SG) မှ Mr.SOMA JUNDRAM က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

ထို့နောက်နာယကဆရာ ဦးလှမြင့်က AGM ကျင်းပခြင်းအတွက် ဝမ်းမြောက်ပီတိ စကားပြောကြားပြီး နာယက ဒေါက်တာဆန်းထွန်းမှ MRESA အသင်း၏ ၂၀၁၈ ခုနှစ်အသင်း၏ ဖွဲ့စည်းပုံ၊ စည်းမျဉ်းတချို့အား ပြင်ဆင်ဖြည့်စွက်သော အချက်များအား ရှင်းလင်းတင်ပြကာ အတည်ပြုချက်ရယူသည်။

ယင်းနောက် ဗဟိုတွဲဖက် အထွေထွေအတွင်းရေးမှူး(၁) ဒေါ်မိုးမိုးထွန်းမှ ဘဏ္ဍာရေးရှင်းတမ်း အစီရင်ခံစာ ဖတ်ကြားပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များအား  အသင်းကြီး၏ စွမ်းဆောင်ရည် ဆုများ ပေးအပ်ကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယနေ့ပြုလုပ်သည့် အခမ်းအနားနှင့်ပတ်သက်၍ “ကျွန်တော်တို့ အသင်းဟာ၂၀၁၆ ခုနှစ်မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ အာဆီယံအိမ်ခြံမြေ ကွန်ရက်အသင်းကြီးထဲကို ကျွန်တော်တို့ ၈ နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်၊ မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင် ရှစ်နိုင်ငံပါဝင်ခဲ့ပါတယ်၊လာအိုနှင့် ဘရူနိုင်းကတော့ မပါဝင်သေးပါဘူး၊ ဘရူနိုင်းမှာ‌တော့ဒီလိုအသင်းသားမရှိဘူး၊ လာအိုကလည်းအသင်းမဖွဲ့ရသေး တော့မပါသေးပါဘူး၊ အသင်းကြီးအနေနဲ့အာဆီယံနိုင်ငံတွေနဲ့လည်း MOU လက်မှတ်ထိုးတယ်၊ အာဆီယံနိုင်ငံနဲ့အညီ အာဆီယံအိမ်ခြံမြေဝန်ဆောင်မှုကို ကျွန်တော်တို့က ကာစတန်မာပြည်သူတွေကို ပေးမှာရယ် နိုင်ငံရဲ့ဂုဏ်သိက္ခာတက်ဖို့ရယ် ကျွန်တော်တို့က ဆောင်ရွက်နေပါတယ်”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဗဟိုဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားခဲ့သည်။

အောင်မြင့်(ပြန်/ဆက်)