မလှိုင်မြို့နယ်၌  ပြည်သူဗဟိုပြုသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းဝေး ကျင်းပ                                  

မလှိုင် ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၏ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှု‌ရေးနှင့် ပြည်သူဗဟိုပြုသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည် ။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုမင်းထက်က လမ်းညွှန်အမှာစကားပြောကြားရာတွင် မိမိတို့မြို့နယ်အတွင်း၌ ကျူးကျော်ကိစ္စများ မရှိစေရေး သက်ဆိုင်ရာဌာနများက ကွင်းဆင်းကြည့်ရှုစစ်ဆေး  ဆောင်ရွက်သွားရန်၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ ၊ တိုင်းဒေသကြီး  ဘဏ္ဍာရန်ပုံငွေများဖြင့်  အကောင်အထည်ဖေါ်  ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ (တည်ဆောက်ရေးလုပ်ငန်းများ) နှင့် ပတ်သက်၍ ပြီးစီးမှုရာနှုန်း  နည်းပါးနေသည့်အတွက်  အရှိန်ဟုန်မြှင့်  ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊ ဆက်လက်၍ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလီဘော ပြိုင်ပွဲကို ၁၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်၍  ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများအနေဖြင့် ပြိုင်ပွဲဝင်အသင်းများ ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးလုပ်ငန်းကို စက်တင်ဘာလကုန်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်၍  ကာကွယ် ဆေးထိုးရန် လူမကျန်ရှိစေရေး နှင့် ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး  ဟောပြောခြင်းများ ၊ ဖုံး ၊ သွန် ၊ လဲ ၊ စစ်၊ တိုက် ၊ ချွတ် ၊ ဆေး ၊လုပ်ငန်းများ သတ်မှတ်ရက်အတိုင်း ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည် ။

 ယင်းနောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးသိန်းဟန် ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လတ် ၊ ဒုတိယ မြို့နယ်ပညာရေးမှူးဦးရဲမြင့်၊ ကျေးလက်လမ်းဦးစီးဌာနမှူးဒေါ်လှလှဦးနှင့် တက်ရောက်လာသည့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပြန်လည် ဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)