မူဆယ်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်း ဆောင်ရွက်

မူဆယ် ဇူလိုင် ၁၀

ပြည်သူလူထု၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူလျင်မြန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စီစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်နှင့် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေ့သည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယမန်နေ့ နံနက်(၁၀:၀၀)အချိန်က ခရိုင်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ် အထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းများကို  ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါအချက်အလက်များ ကောက်ယူစစ်ဆေးရာတွင် မူဆယ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က ကြီးမှူးဆောင်ရွက်ခဲ့ပြီး ဝန်ထမ်များနှင့် ဝန်ထမ်းမိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက် (Biographic)များဖြစ်သော နိုင်ငံသားစီစစ်ရေးကတ်အမှတ်၊ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ ကျား/မ၊သွေးအုပ်စု၊ အမြဲကိုင်ဆောင် ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာတို့ကို ပြန်လည်စီစစ်ထည့်သွင်းခဲ့ပြီး ဇီဝဆိုင်ရာအချက်အလက် (Biometric)များဖြစ်သော လက်ဗွေရာ၊ မျက်လုံးနှင့် မျက်နှာအနေအထားတို့ကို ခေတ်မှီနည်းစနစ်များဖြင့် စီစစ်ကောက်ယူဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်ပြီး နံနက်(၁၁း၀၀)အချိန်တွင် မူဆယ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ မူဆယ်မြို့နယ်အတွင်း ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူမည့် ဦးတည်အုပ်စုအလိုက် ခန့်မှန်းအင်အားများ၊ အချက်အလက်များ ကောက်ယူမည့်နေရာနှင့် နေ့အလိုက် လျာထားချက်များအပြင် လက်ရှိကောက်ယူဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်မျာကို Power Point ဖြင့် ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုသို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူဆောင်ရွက်နေသည်များအား မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့်တကွ မူဆယ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းတို့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ၎င်းတို့ကိုယ်တိုင် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric)များကို ဝင်ရောက်ဖြည့်စွက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မူဆယ်ခရိုင်အနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၏ ကိုယ်ရေးအချက် အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူဆောင်ရွက်ရာတွင် ဇူလိုင်လ(၂) ရက်နေ့၌ နမ့်ခမ်းမြို့နယ်၊ အထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ စုစုပေါင်း (၁၀၄)ဦး၊ ယမန့်နေ့ ဇူလိုင်လ(၃)ရက်နေ့တွင်လည်း ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ BP စာအုပ်ထုပ်ပေးရေးရုံးမှ ဝန်ထမ်းများ၊ မူဆယ်မြို့ လဝက ဒုတိယဌာနခွဲမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ စုစုပေါင်း(၇၈)ဦး ကောက်ယူပြီးစီးပြီးဖြစ်ကြောင်း သိရှိရပါသည်။

ခရိုင်(ပြန်/ဆက်)