နွားတက်ခွဲမြောင်းတွင် စိုက်ပျိုးရေပေးပြွန်(၅)လုံးပြန်လည်ပြုပြင်ပေးသဖြင့် သီးနှံမျိုးစုံ (၅၂)ဧက အောင်မြင်စွာရေပေးဝေနိုင်ပြီဖြစ်

ကျောက်ဆည်  ဇူလိုင်  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး မြောင်းများပြုပြင်ပေးခြင်း၊ ရေပေးပြွန်များနှင့် ရေကျအဆောက်အအုံများ၊ ရေတံခါးများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်၌ နွားတက်ခွဲမြောင်းတွင် စိုက်ပျိုးရေပေးပြွန်(၅)လုံး ပြန်လည်ပြုပြင် ပေးသဖြင့် သီးနှံမျိုးစုံ(၅၂) ဧက အောင်မြင်စွာရေပေးဝေနိုင်ပြီဖြစ်ကြောင်းသိရသည်။

ပြန်လည်ပြုပြင်ပေးသောရေပေးပြွန်များမှာ လယ်ကြီးကျေးရွာအနီး မြောင်း၏ယာဘက်မြောင်းအမှတ် ၂+၅၀၀၊ ၆+၈၅၀၊ ၂၈+၀၅၀၊ ၂၈+ ၉၃၄နှင့် မြောင်း၏ဝဲဘက် မြောင်းအမှတ် ၂၈+၉၃၄ ပြွန်များ ဖြစ်ကြောင်း၊ ပြွန်အရွယ်အစားများမှ အချင်း(၄)လက္မ၊ အရှည်(၂၀)ပေ သံကွန်ကရစ်(၄)လုံးနှင့် အချင်း၆)လက္မ၊ အရှည်(၂၀)ပေ သံကွန်ကွန်ကရစ်(၁)လုံး စုစုပေါင်း(၅)လုံးဖြစ်ပြီး ရေပြွန်များရေရှည်ခိုင်မာရေး ရေပြွန်ထိပ်နဖူးစည်းများတွင် ကျောက်သားနံရံစီခြင်း၊ ရေပေးဝေရာတွင် လိုအပ်သလိုထိန်းညှိပေးနိုင်ရေး ထိန်းချုပ်ရေတံခါးတပ်ဆင်ခြင်း လုပ်ငန်းများ ပြန်လည်ပြုပြင်ပေးကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးရာတွင် ဆည်ရေများကို အဓိထားစိုက်ပျိုးကြကြောင်းနှင့် ရေပြွန်များအစားထိုးပြုပြင်ပေးခြင်းကြောင့် နွားတက်ခွဲမြောင်းမှ ဒေသခံတောင်သူများ၏ သီးနှံမျိုးစုံ (၅၂)ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် ရေအလေအလွင့်ဆုံးရှုံးမှု နည်းပါးစွာဖြင့်  စိုက်ပျိုးသီးနှံများ အောင်မြင်သည်အထိ ရေထိန်းတံခါးဖြင့် လိုအပ်သည့်ရေပမာဏပြည်ဝစွာ မြောင်းအဆုံးမြောင်းအဖျားရှိ စိုက်ခင်းများအထိ ရေများပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)