ကျောက်ဆည် ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆန်၊ စပါးအပြင် နေစဉ်ဝင်ငွေရရှိရေး ကာလတို/ကာလရှည် မီးဖိုးချောင်သုံးသီးနှံမျိုးစုံ စိုက်ပျိုးကြရာ ရေပြစ်ကျေးရွာတွင် ခရမ်းစိုက်စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသောကြောင့် နေ့စဉ်ဝင်ငွေ ရရှိကာ မိသားစုများ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခရမ်းပင်သည် ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များ ပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် (၅)ပေခြား စိုက်ပျိုးကာ အစိုဓာတ်မပြတ် ရေသွင်းပေးပြီး အပင်ငယ်ချိန်တွင် မြေဆွပေး၍ တစ်လတစ်ခါ အပင်အခြေများတွင် အာမိုနဲ့ပုလဲမြေဩဇာ သင့်တင့်ရုံကျွေးပေးရပြီး လိုအပ်တဲ့အခါ အပင်အားတိုးဆေး နဲ့ ပိုးသတ်ဆေးများလည်း ဖျန်းပေးရကြောင်း၊ ခူးဆွတ်ရောင်းတဲ့အခါ ရက်ခြားခူးပြီး ရောင်း၍ရသလို နေ့စဉ်ခူးဆွတ်၍လည်း ရောင်းချလို့ရကြောင်း၊ ရောင်းဈေးအနေဖြင့် တစ်ပိဿာငွေကျပ်(၄၀၀)မှ (၈၀၀၀)ကျပ်အထိ ရောင်းချရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ခရမ်းအပင် (၅၀၀)စိုက်ပျိုးထားသည့် ဦးစိုးမင်းက ပြောပြသည်။
ခရမ်းစိုက်ပျိုးရာတွင် အပင်အသေအပျောက် မရှိအောင်လို့ ခရမ်းမျိုးစေ့တွေကို ပျိုးအိပ်များဖြင့် ဦးစွာ ပျိုးထောင်ပြီးမှ သန်မာတဲ့ အပင်များအား ရွေးပြီး စိုက်ပျိုးကြကြောင်း ပျိုးသက်(၁)လသား အရွယ်တွင် မြေပြင်ထားသည့် စိုက်ခင်းအတွင်းသို့ ပြောင်းရွေ့စိုက်ပျိုးပြီး အပင်ငယ်ချိန်တွင် နံနံနှင့် ချဉ်ပေါင် သီးနှံပင်များ သီးညှပ်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေပိုမိုရရှိကြောင်း တောင်သူဦးကြည်စိုးက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)