ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းအမှတ်(၃၉)တွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများ ထိုးနှံပေး

မန္တလေး မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ကျန်းမာရေးဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်ကြီးတံခွန်မြို့နယ် အမှတ် (၃၉)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျောင်းသား၊ ကျောင်းသူ ၄ဝဝ ခန့်အား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဒုတိယအကြိမ်ထိုးနှံပေးခြင်းဖြစ်ပြီး အသက် ၅ နှစ်မှအထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးမထိုးနှံမီ ကျောင်းသား၊ ကျောင်းသူများကို စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ ပရဟိတအဖွဲ့များမှ  ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)