သာစည်မြို့နယ်တွင် အခြေခံဘော်လီဘောအားကစားသင်တန်းဖွင့်လှစ်မည်

သာစည် ဇူလိုင် ၁၀

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်း၍ အခြေခံဘော်လီဘော အားကစားသင်တန်းကို ဇူလိုင် ၁၆ ရက်မှ ၂၃ ရက်နေ့အထိ နေရာ ၃ နေရာ၌ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းထွန်းဦး(မြန်မာနိုင်ငံဘော်လီဘော လက်ရွေးစင် အသင်းနည်းပြ)ထံက သိရသည်။

ကျွန်တော်တို့ သင်တန်းကို ၈ ရက် ကြာဖွင့်လှစ် သင်ကြားပေးသွားမှာပါ သင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဒီအခြေခံ သင်တန်းကနေ မျိုးဆက်သစ်အားကစားသမားတွေ ပေါ်ထွက်လာပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ ကစားသမားတွေဖြစ်လာဖို့အတွက် ဖွင်လှစ်ရခြင်း ဖြစ်ပါတယ် ဒီသင်တန်းအတွက် မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်ကနေဘောလုံးတွေ ပိုက်တွေစတဲ့ အားကစားပစ္စည်းတွေထောက်ပံ့ပေးပါတယ် သင်ကြားပေးမှာကတော့ ကျွန်တော်ကိုယ်တိုင် လည်းသင်ပေးမယ် ပြီးတော့မြို့နယ်အတွင်းမှာရှိတဲ့တိုင်းနဲ့ပြည်နယ်ကစားခဲ့တဲ့ ကစားသမား ကြီးတွေကလည်း သင်ကြားပေးသွားမှာပါ ဒီအခြေခံသင်တန်းပြီးတဲ့နောက် ဆက်သင်ချင်တဲ့ သင်တန်းသားတွေ ရှိရင်လည်း ဆက်သင်နိုင်အောင် ဆောင်ရွက်ပေးသွားမှာပါ သင်တန်းကိုတော့ မြို့နယ်အားကစားကွင်း၊ မယ်ဇလီကန်ကျေးရွာနဲ့လှိုင်းတက်ကျေးရွာတို့မှာ ဖွင့်လှစ်ပေးသွားမှာဖြစ်ပြီး ၁၆ ရက်နေ့မှာ လှိုင်းတက်ကျေးရွာ မှာ ဖွင့်ပွဲလုပ်ပါမယ် ဟုဦးဝင်းထွန်းဦးက ပြောသည်။

အဆိုပါသင်တန်းသို့ တက်ရောက်လိုပါက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဖုန်းနံပါတ် ၀၉၄၃၀၆၈၃၅၅ သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)