တာချီလိတ်မြို့၌ နှစ်စဉ်ရေကြီးရေလျှံမှုများ ကာကွယ်နိုင်ရန် ရေထိန်းတံခါးသုံးခုနှင့် မယ်ခေါင်ချောင်းကူးတံတား အဆင့်မြှင့်တင်တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

တာချီလိတ် ဇူလိုင် ၁၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၌ နှစ်စဉ်မိုးရာသီကာလအတွင်း ချောင်းရေကျော်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်းကြောင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန် ရေထိန်းတံခါးသုံးခုနှင့် မယ်ခေါင်ချောင်းကူးတံတား အဆင့်မြှင့်တင်တည်ဆောက်နေမှုကို ဇူလိုင်လ ၈ ရက်နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင် ရာဌာနဆိုင်ရာများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

“နှစ်စဉ်မိုးရာသီဆိုရင် တံတားကနိမ့်တော့ မြေထိန်းနံရံပေါ်မှရေကျော်ပြီး လူမှုဝန်ထမ်းရုံးရယ်၊ လားဟူဈေးရယ်၊ ရပ်ကွက်နဲ့လမ်းတွေပေါ်မှာ ရေဝပ်နေတာတွေ ကာကွယ်နိုင်အောင် အခု ချောင်းရေစီးတာတွေ ကာကွယ်နိုင်ရန် ဒီတံတားကို အဆင့်မြှင့်တင်တည်ဆောက်နေတာပါ။ အဲဒီအတိုင်း ထိုင်း-မြန်မာ နှစ်နိုင်ငံ စီးဆင်းနေတဲ့ မယ်ဆိုင်ချောင်းရေဝင်မရအောင် အဓိကကျတဲ့ရေထိန်း တံခါးသုံးခုကိုလည်း အဆင့်မြှင့်တင်နေပါတယ်။ မယ်ဆိုင်ချောင်းရေတက်ရင် ရေထိန်းတံခါးပိတ်မယ်။ ချောင်းရေကျရင် အတွင်းရေတွေ စုပ်ထုတ်လို့ရအောင်ပါဝင်တဲ့ နည်းသုံးမျိုးနဲ့ ဆောင်ရွက်တည်ဆောက်နေပါတယ်” ဟု ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က ပြောကြားခဲ့သည်။

တာချီလိတ်မြို့၌ နှစ်စဉ်မိုးရွာသီကာလအတွင်း မယ်ဆိုင်ချောင်းရေမြှင့်တက်လာပါက မြို့၏အနိမ့်ပိုင်းရက်ကွက်များ ရေလွှမ်းမိုးခြင်းမှ သက်သာစေရန် ရေထိန်းတံခါးသုံးခုနှင့် မယ်ခေါင်ချောင်း ကူးတံတားအဆင့်မြှင့်တင် တည်ဆောက်နေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဦးစီးမှူး ဦးဟန်ထွန်း၊ စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် တာဝန်ခံအင်ဂျင်နီယာများမှ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)