ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်မားလာသည့်အတွက် အသိပညာပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

ဟိုမိန်း   အောက်တိုဘာ  ၁၂

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုဦးရေ တစ်နေ့ထက်တစ်နေ့ မြင့်မား လာသည့်အတွက် လင်းခေးခရိုင် ဟိုမိန်းမြို့တွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာ ပေးခြင်းလုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ၌ နှိုးဆော်ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူများအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ကြရန် နှိုးဆော်ပေးခြင်း၊ တတ်နိုင်သမျှ မိမိတို့၏နေအိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ်မှပြင်ပသို့ ထွက်ရပါက နှာခေါင်းစည်း (Mask)များကို စနစ်တကျတပ်ဆင်ပြီးမှသာ ထွက်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း/ အရာဝတ္ထုတစ်ခုခု ကိုင်တွယ်ပြီးတိုင်း လက်ကို လက်သန့် ဆေးရည်(သို့မဟုတ်) ဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာ စနစ်တကျဆေးကြောကြရန်၊ အခြားသူများနှင့် တတ်နိုင်သမျှ ၆ ပေ အကွာမှသာ နေထိုင်ပြောဆိုကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းများ မပြုလုပ် ကြရန် စသည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေး နှိုးဆော်ခြင်းကို ဟိုမိန်းစျေးရှေ့၊ နားမိုင်ရပ်၊ ပန်ဝေါင်ရပ်၊ နားမိုက်လေရပ်နှင့် မိန်းမိုင်ရပ်ကွက်များသို့  ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် Hand Speaker ဖြင့် လှည့်လည် နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲနောင်(ဟိုမိန်း)