ငါန်းဇွန် ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်ရရှိရေးအတွက် တောင်သူနည်းပညာပေးသင်တန်းဖွင့်လှစ်ပို့ချခြင်း၊ ဝါစိုက်တောင်သူများအားချည်မျှင်ရှည်ဝါ(B-31) မျိုးစေ့များ အခမဲ့ပေးအပ်ခြင်းနှင့် အထူးဇုံအတွက် မြေပဲ၊ စပါး၊ နေကြာ မျိုးစေ့များပေးအပ်ခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္က ဦးမျိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းတို့က အခမ်းအနားသို့ တက်ရောက်လာသော ဝါစိုက်ပျိုးတောင်သူများအား မျိုးကောင်းမျိုးသန့်ချည်မျှင်ရှည်ဝါ(B-31)မျိုးစေ့များ၊ အထူးဇုံအတွက် မြေပဲ၊စပါးနှင့် နေကြာမျိုးစေ့ များ(အခမဲ့) ပေးအပ်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာများမှ တောင်သူများအား တောင်သူနည်းပညာပေးသင်တန်းပို့ချရာ မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းက ချည်မျှင်ရှည်ဝါ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး၊ ပန်းတိုင်အတွက်နှုန်း ရရှိရေးတို့အတွက် ဆောင်ရွက်ရမည့် စိုက်ပျိုးနည်းစနစ်များ၊ အပင်ပြုစုခြင်း၊ မြေဩဇာစနစ်တကျကျွေးခြင်းနှင့် ပိုးမွှားရောဂါ ကြိုတင် ကာကွယ်ခြင်းနည်းလမ်းများကို ဆွေးနွေးပို့ချပြီး အသင့်သုံး(EM)သဘာဝမြေဆွေးဖျော်စပ်နည်းအား လက်တွေ့သရုပ်ပြဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ ရေအရင်းအမြစ်ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာနနှင့် တောင်သူ(၇၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)