အင်းစိန်မြို့နယ်၊မြို့သစ်(က+ခ)ရပ်ကွက်တွင် အိမ်ထောင်စု(၂,၂၂၅)စုအတွက် ကိုဗစ်-၁၉ ကာလအတွင်း ဆန်၊ကြက်ဥ၊ကြာဇံများ လှူဒါန်း

ရန်ကုန် အောက်တိုဘာ ၁၂


ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ များ စားရေးသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ မြို့သစ်(က+ခ)ရပ်ကွက်တွင် အိမ်ထောင်စု (၂,၂၂၅)စုအတွက် ကိုဗစ်-၁၉ ကာလအတွင်း ဆန်၊ကြက်ဥ၊ကြာဇံများကို ယမန်နေ့ နေ့လယ်(၁)နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် အင်းစိန်မြို့နယ်၊မြို့သစ်(က+ခ)ရပ်ကွက်၊က/၅ လမ်း၊အမှတ်(၂၉၂)နေ ဒေါ်အေးဟန် မိသားစုမှ မြို့သစ်(က+ခ)ရပ်ကွက်အတွင်း အိမ်ထောင်စု(၂၂၂၅)စုအတွက် ဆန်၊ကြက်ဥ၊ ကြာဇံများကို လှူဒါန်းရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများက ရပ်ကွက်နေ ပြည်သူများအား ပေးဝေခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ Stay at Home ကာလအတွင်းတွင် အပြင်သို့ မထွက်ကြရန်၊မဖြစ်မနေ ပြင်ပသို့ သွားလာပါက နှာခေါင်းစည်းကို တပ်ဆင်ပြီးမှ သွားလာရန် ၊မကြာခဏ လက်ဆေးရန်၊တစ်ဦးနှင့်တစ်ဦး ၆ ပေကွာ နေကြရန် စသည်တို့ကို အသိပညာပေး ပြောကြားခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)