ဗဟန်း ဇူလိုင် ၉
ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာမ မြသက်နွယ် ရေးသားသော “ပျော်ရွှင်ခြင်းအဓိပ္ပါယ်” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့၊ နေ့လယ် ၁ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် Book Club အသင်းမှ ဥက္ကဋ္ဌ စာရေးဆရာဟိန်းဇေက အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းမှ အဖွဲ့ဝင်စာရေးဆရာမ မြသက်နွယ်က ၎င်းရေးသားသည့် " ပျော်ရွှင်ခြင်းအဓိပ္ပါယ်" ဆောင်းပါးတွင် ပါဝင်သော အဓိကအချက်မှာ အခြားသူများ၏ ပျော်ရွှင်မှုကို အမှန်တကယ်အလေးထားနိုင်စွမ်းမရှိမီ မိမိကိုယ်တိုင်အလေးထားမှုကို စတင်ရန် လိုအပ်ပါကြောင်းနှင့် မိမိကိုယ်တိုင်ပျော်ရွှင်မှုကို မရရှိပါက အခြားသူများ ပျော်ရွှင်မှုကို မပေးနိုင်ပါကြောင်း စသည့်အကြောင်းအရာတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက ကြင်နာမှု၊ အလေးထားမှု၊ ကရုဏာတို့သည် ပျော်ရွှင်သောဘဝဖြင့် နေထိုင်နိုင်အောင် ပြုစုပျိုးထောင်ရန်လိုအပ်သော အဓိကအချက်ဖြစ်ပါကြောင်း၊ အတွေးများ စိတ်ခံစားချက်များဖြင့် တစ်ဦးတည်းဖြစ်နေသည်အချိန်တွင် ပျော်ရွှင်မှုကို ရှာဖွေကြသည့်အခါ တစ်ခါတစ်ရံမှာ အဆင်ပြေမှုမရှိပါအကြောင်းနှင့် သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းသို့ စာပေဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းမှ အဖွဲ့ဝင်များတက်ရောက်ပါဝင် ဆွေးနွေးကြကြောင်း သိရသည်။
စန္ဒာမိုး