နမ့်ဆန် အောက်တိုဘာ ၁၂
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲ ပေးကြမည့် ပြည်ပရောက်ရှိနေသူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးက ယမန်နေ့က မဲပုံးပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ထားရှိရာတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၊ (၂)မှ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များက ကြိုတင်မဲပေးပြီး ပြန်လည် ရောက်ရှိလာသော ကြိုတင်ဆန္ဒမဲလက်မှတ်အိတ်များ ထည့်သွင်းရန် မြို့နယ် ကြိုတင်မဲပုံးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာပါတီ ကိုယ်စား လှယ်များ တို့၏ ရှေ့တွင်ချိတ်ပိတ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်တွင် မဲဆန္ဒနယ်(၂)ခု မဲရုံပေါင်း(၅၆)ရုံနှင့် မဲပေးနိုင်သူဦးရေ (၄၄၆၄၇)ဦးခန့်ရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ(၄)ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် (၁)ဦးရှိကြောင်း သိရ သည်။
ကိုအောင်မိုး (ရွှေဖီမြေ)