မိုင်းယောင်းမြို့နယ်၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေးဆွေးနွေး

မိုင်းယောင်း ဇူလိုင် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်တွင် မိုးစပါးအထွက်နှုန်း တိုးတက်ရေး တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဝမ်ဘိုးကျေးရွာ အနီးရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမိုးစပါးစံပြကွက်စိုက်ကွင်း၌ ကျင်းပသည်။

စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက သီးနှံများအထွက်နှုန်းသာမက အရည်အသွေးတိုးတက်ကောင်းမွန်စေရေးအတွက် မြေအမျိုးအစားအလိုက် ပြုပြင်နည်းများ၊ စိုက်ပျိုးမည့်သီးနှံအလိုက် ကုန်ကျစရိတ်နည်းနည်းနှင့် ထိရောက်သည့် အာဟာရဓာတ် ထည့်သွင်းရမည့် နှုန်းထားများ၊ မိုးစပါးသီးနှံစိုက်ပျိုးနည်းစနစ်နှင့် မျိုးကွဲအလိုက် သက်တမ်းပေါ် မူတည်၍ ယူရီးယား၊ ဖော့စဖိတ်နှင့် ပိုတက်ဓာတ်မြေဩဇာ ထည့်သွင်းရမည့် အချိန်၊ နှုန်းထားနှင့် စနစ်တကျသုံးစွဲနည်းများ၊ စပါးပင်သက်တမ်းအလိုက် ရေလိုအပ်မှု အခြေအနေများကို အသိပညာပေးဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ တောင်သူများ စုစုပေါင်း ၉၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း