(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီးတွင် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲ ကျင်းပ

ရန်ကုန် ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးပညာ ရေးမှူးရုံးမှကြီးမှူး၍ ၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီနှင့် ကာတွန်းပြိုင်ပွဲများအား ယနေ့နံနက်ပိုင်းက အလုံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် ကျင်းပသည်။

ထိုသို့‌ ကျောင်းသား၊ ကျောင်းသူများ၏ ယှဉ်ပြိုင်နေမှုများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက လိုက်လံကြည့်ရှု အားပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်သည့်အတွက် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ကြသည်။

(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး (၂၄)ဦး၊ ကဗျာ (၂၄) ဦး၊ ပိုစတာ(၂၄)ဦး၊ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံး (၂၆)ဦး၊ ပန်းချီ (၂၆)ဦး၊ ကာတွန်း (၂၆)ဦး၊ မူလတန်းအဆင့် ပန်းချီ(၂၅)ဦး၊ ကာတွန်း (၂၇)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၀၂)ဦး ဖြေဆိုခဲ့ကြပြီး အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "လေးမြတ်ဂုဏ် ရည်အာဇာနည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် "သမိုင်းမော်ကွန်းတည် ကိုးဦးအာဇာနည်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံ ပညာအလယ်တန်းအဆင့်တွင် "မမေ့စဉ်လာ အာဇာနည်နေ့အချိန်အခါ" ခေါင်းစဉ်ဖြင့် လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများကို ထိုက်ထိုက်တန်တန် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)